close

ရိခေါ်ဒါရ်မြို့တွင် ရိက္ခာသယ် စစ်ကောင်စီတပ် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ရဲ့ တောင်ကုန်းပေါ်ရှိ  အမှတ် ၂ စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက ရိက္ခာထုတ်ပြီးအပြန်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မြို့ပေါ် ရိက္ခာထုတ်ပြီးအပြန်လမ်းမှာ အသင့်တပ်ဆင်ထားတဲ့ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီး စုစုပေါင်း စစ်သား ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Mountain Eagle Defence Force  တာဝန်ရှိသူ တစ်ဦးက "သူတို့ ရိက္ခာသယ်ပြီး အပြန်မှာ အသင့်ပြင်ထားတဲ့ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက်စစ်သား ငါးယောက်က အဲ့ဒီမှာ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ တယောက်ကတော့ ညနေပိုင်းမှာသေသွားတယ်လို့ သိရတယ်။ သူတို့လူသေပြီးနောက်ပိုင်း အကုန်လိုက်ပတ်ရမ်းနေတယ်" လို့ ပြောပါတယ်။

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြန်လည် ပစ်ခတ်တာတွေ ရှိခဲ့ပြီး သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်အလောင်းတွေကို အနီးဝန်းကျင်က နေအိမ်ထဲထည့်ကာ မီးရှို့သွားကြတယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့ စစ်သားတချို့ကိုတော့ ရိဒ်အမှတ် ၁ စခန်းဆီသယ်ဆောင်သွားကြတယ်လို့သိရပြီး မြို့တွင်းရှိ ဆိုင်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပိတ်ခိုင်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ရိခေါ်ဒါရ်မြို့ဟာ အိန္ဒယနဲ့ မြန်မာနိုင်ငံက ချင်းပြည်နယ်အစပ်မှာတည်ရှိပြီး ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ချင်းပြည်နယ်ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ ရိခေါဒါရ်တပ်စခန်းက စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကာ စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up