close

ရုရှားကုမ္ပဏီ

close

December 14, 2022

ရုရှားကုမ္ပဏီနှင့်ပူးပေါင်းပြီး လေအားလျှပ်စစ်ထုတ်ရန် စစ်ကောင်စီ ဆွေးနွေး

စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီး  လေအားလျှပ်စစ်ထုတ်ယူဖို့ စီစဉ် ပြောဆိုနေတာဟာ နိုင်ငံရေးအရ အမြတ်ထုတ်ယူဖို့သာ ဖြစ်နိုင်တယ်လို့ စွမ်းအင်နဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တဲ့ လေအားလျှပ်စစ်နဲ့ အသေးစား ရေအားလျှပ်စစ်လုပ်ငန်းတွေအတွက် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေ မြေပြင်မှာ သွားရောက်လေ့လာထားပြီး ဖြစ်တဲ့အပြင် အထူးသဖြင့် လေအားလျှပ်စစ်ထုတ်လုပ်ဖို့အတွက် မြန်မာနိုင်ငံမှာ အလားအလာကောင်းတွေရှိတဲ့ နေရာ ၆ ခုကနေ စုစုပေါင်း မဂ္ဂါဝပ် ၈,၁၀၀ ကျော် ထုတ်လုပ်နိုင်မယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မျှော်လင့်ထားပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်ယူဖို့ နည်းလမ်းသက်သက်သာ ဖြစ်နိုင်တယ်လို့ စွမ်းအင်နဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

စွမ်းအင်မူဝါဒရေးရာ သုတေသီတဦးက “ဒါကဗျာ ရှင်းရှင်းပြောရရင် (Energy) စွမ်းအင်ဆိုတာ နိုင်ငံရေးဆန်တဲ့ နည်းပညာတခုလို့ ဒီလိုယူဆပြီး အသုံးချခဲ့တာ ရှိတယ်နော်။ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်ခေတ်တွေကို ပြန်ကြည့်လို့ရှိရင် ဒီလိုပဲ အရှုံးခံပြီး ထုတ်ခဲ့ကြတာ။ ဘာကြောင့်လဲဆိုတော့ စွမ်းအင်ဆိုတာက နိုင်ငံရေးအရ ထိစပ်ပြီး ပတ်သတ်မှုရှိတဲ့အတွက် အမြတ်ရရှိဖို့နဲ့ တွက်ခြေကိုက်မကိုက် ဆိုတာထက် သူတို့ရဲ့ယူဆချက်က လျှပ်စစ်ကို ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ထုတ်ယူမယ်ဆိုပြီး သူတို့က လုပ်ခဲ့ကြတာ။ ဒါက Political Economy လို့ ပြောလို့ရတယ်။ ဆိုတော့ နိုင်ငံရေးဆန်ဆန် စဉ်းစားတာဟာ စီးပွားရေးအရ စဉ်းစားတာနဲ့ နည်းပညာအရ စဉ်းစားပုံချင်းတော့ မတူဘူးပေါ့။ နိုင်ငံရေးသမားကတော့ သူ့ပိုက်ဆံ မဟုတ်ဘူးလေ။ ရှုံးလို့ရှိရင် နိုင်ငံတော်ကပဲ ရှုံးတာဆိုတော့ နိုင်ငံရေးအမြင်အရ သူက မြတ်တယ်လေ။ အခုလည်း လေအားလျှပ်စစ် ထုတ်ယူမယ်ဆိုတော့ နိုင်ငံရေးသမားတွေက ရှုံးတာ မြတ်တာထက် သူက ပြည်သူတွေ ကြိုက်နိုးနိုးနဲ့ လုပ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေအကြားမှာ လေအားကတဆင့် လျှပ်စစ်ထုတ်ယူမှု နည်းပညာကလည်း ဆယ်စုနှစ်တခုအတွင်းမှာ ထူးခြားတဲ့ တိုးတက်ပြောင်းလဲလာမှု မရှိတာကြောင့် အောင်မြင်ဖို့က ရာခိုင်နှုန်း အတော်နည်းပါတယ်။

နည်းပညာဆိုင်ရာ သုတေသီတဦးကတော့ “နေ ဆိုရင်တော့ ဥပမာ ပုံမှန်အားဖြင့် မနက် ၆ နာရီဆိုရင် ထွက်လာပြီ။ ညနေ ၅ နာရီလောက်ဆို ပြန်ဝင်သွားပြီနော်။ အနည်းဆုံးတော့ ၁၀ နာရီနီးပါး နေရောင်ရတယ်။ ဒါပေမဲ့ လေအားက အဲ့လိုမဟုတ်ဘူးနော်။ လေက အမြဲတမ်း တိုက်နေတာ မဟုတ်ဘူးလေ။ ဒီနေ့မနက် လေတိုက်တယ်ဆိုပေမဲ့ နောက်နေ့မနက် လေက တိုက်ချင်မှတိုက်မှာ။ ဆိုတော့ လေအားစနစ်က လုံးဝမသေချာမရေရာတဲ့ ပါဝါလို့ ပြောရမှာပေါ့။ ဆိုတော့ ကျနော့်စိတ်ထင် မဖြစ်နိုင်ပါဘူး။ ပြီးတော့ ရုရှားပဲပြောပြော တရုတ်ပဲပြောပြော မြန်မာပြည်လိုနိုင်ငံကို လာမယ်ဆိုရင် သူတို့နိုင်ငံမှာ အိုဟောင်းပြီး သုံးလို့မရတော့တဲ့ဟာတွေနဲ့ ဒီကို ဂျင်းထည့်ဖို့ လာကြတာပါ။ ရုရှားမှာ သုံးမရတဲ့ လေအားစနစ်တွေ ဒါမှမဟုတ် ကမ္ဘာ့တနေရာမှာ သုံးလို့မရတော့တဲ့ဟာတွေ ယူလာပြီး သူတို့အတွက် အကျိုးမရှိတဲ့ ပစ္စည်းတွေနဲ့ လာကြမှာပါ။ တချို့ကိုလည်း အလကားပေးမယ် ပြောမှာပေါ့။ ဒါပေမဲ့ ဒီ့ပြင်နေရာတခုကနေ နှစ်ဆ သုံးဆ ပြန်ယူသွားကြမှာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရုရှားနိုင်ငံမှ Rusatom Energy Projects၊ Joint Stock Company နဲ့ အကြားမှာ ရုရှား-မြန်မာ Small Modular Reactor (SMR) projects အတွက် MOU လက်မှတ်ရေးထိုးထားပြီး အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့နဲ့ စဉ်ဆက်မပြတ် တိုးတက်ဆောင်ရွက်ရေးအတွက်လည်း လိုအပ်တဲ့ Terms of Reference (ToR) ကို ကူညီဖို့ သဘောတူထားပါတယ်။

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom ဒုညွန်ကြားရေးမှူးချုပ် နီကိုလေစပါစကီး  ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နဲ့ Rosatom ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းလုပ်ငန်းတွေ ဖြစ်မြောက်နိုင်စွမ်းနဲ့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ နျူးကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ Rosatom စွမ်းအင်စီမံကိန်း တာဝန်ရှိသူတွေဟာ  ပြီးခဲ့တဲ့ နိုဝင်ဘာလက ရုရှားနိုင်ငံမှာတွေ့ဆုံပြီး MOU နားလည်မှုစာချွန်လွှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားကုမ္ပဏီဘက်က ထုတ်ပြန်ထားပါတယ်။

3 hours Ago

June 16, 2022

ပြည်တွင်းထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ရုရှားတုံ့ပြန်

ရုရှားကုမ္ပဏီတွေဟာ စီးပွားရေးကဏ္ဍအသီးသီးက ပြည်တွင်းနည်းပညာနဲ့ ထုတ်လုပ်မှုတွေဘက်မှာ ရင်းနှီးမြှုပ်နှံကြခြင်းအားဖြင့် ၈ နှစ်လောက်ကြာလာတဲ့  အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို တုံ့ပြန်နေကြပါတယ်။

ထောင်ပေါင်းများစွာသော တားမြစ်ချက်တွေ၊ ကန့်သတ်ချက်တွေနဲ့အတူ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရုရှားနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ အားလုံးနီးပါးကို ထိခိုက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလက ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် အရေးယူမှု အစီအမံတွေကလည်း ပိုပြီး အရှိန်မြင့်လာပါတယ်။ ဒါကိုအံတုကြတဲ့ တချို့ ရုရှား စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်  အရင် ၂၀၁၄ ခုနှစ် ပိတ်ဆို့အရေးယူမှု ပထမလှိုင်းတုန်းကတောင် မရှိဘူးသေးတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို တည်ဆောက်ဖို့ အခွင့်အလမ်းကို မြင်လာကြပါတယ်။

၂၀၁၄ ခုနှစ်က ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် နာမည်ကြီး ပြည်ပပို့ကုန် ဒိန်ခဲတွေ အဝယ်ရခက်လွန်းချိန်မှာ မော်စကိုမြို့သား ပရိုဂရမ်မာ Oleg Sirota ဟာ မိသားစုပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး လုပ်ငန်းသစ်တခု စတင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ မွေးမြူရေးခြံနဲ့ ရုရှားချိစ် ဒိန်ခဲထုတ်စက်ရုံကို တည်ထောင်ခဲ့ပါတယ်။

အခုဆိုရင် တနေ့တနေ့ ကမ္ဘာလှည့်ခရီးသွားနဲ့ ဝယ်ယူသူပေါင်း ၁,၅၀၀ လောက်ဟာ ပြည်တွင်းထုတ်ဒိန်ခဲတွေကို ဝယ်ယူဖို့နဲ့ သူ့ရဲ့ ခြံနဲ့ ချိစ်စက်ရုံကို လည်ပတ်ကြည့်ရှုဖို့  မော်စကိုကနေ ကီလိုမီတာ ၇၀ လောက်မှာရှိတဲ့ အစ္စထရာမြို့ကို လာရောက်ကြတယ်လို့ ပြောပြပါတယ်။

Sirota ရဲ့ခြံမှာ အခုဆို နို့စားနွားကောင်ရေ ၁၅၀ ကျော်ရှိပြီး သူ့ရဲ့ ၁၀၁ ဆိုင်မြောက် ဒိန်ခဲဆိုင်ကိုလည်း မကြာသေးမီက ဖွင့်လှစ်ခဲ့ပါတယ်။

လူသုံး အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ ကားတွေ၊ အကြီးစားစက်ယန္တရားတွေနဲ့ တခြား အရေးကြီးထုတ်ကုန်တွေလို ပြည်ပကတင်ပို့တဲ့ ပစ္စည်းတွေကိုတော့ ပြည်တွင်းမှာ အစားထိုး ရွေးချယ်စရာ မလွယ်ကူပေမဲ့လည်း ကျွမ်းကျင်သူတွေကတော့ ပိတ်ဆို့အရေးယူမှုတွေဟာ စွန့်ဦးတီထွင်သူတွေကို အသစ်အဆန်းတွေ စမ်းလုပ်ကြည့်ဖို့ တွန်းအားပေးနိုင်တယ်လို့ အကောင်းမြင် သုံးသပ်ကြပါတယ်။

ဒီအချိန်မှာ ပိတ်ဆို့အရေးယူမှုတွေက ရုရှားစီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ပြည်သူတွေရဲ့ဘဝအပေါ် သိသိသာသာ လွှမ်းမိုးမှု တစုံတရာ မရှိသေးဘူးလို့ အစိုးရဘဏ္ဍာရေးတက္ကသိုလ်မှ ဌာနမှူး Aleksandr Shatil က ပြောကြားခဲ့ပါတယ်။

6 months Ago
Up