close

ပြည်တွင်းထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ရုရှားတုံ့ပြန်

ရုရှားကုမ္ပဏီတွေဟာ စီးပွားရေးကဏ္ဍအသီးသီးက ပြည်တွင်းနည်းပညာနဲ့ ထုတ်လုပ်မှုတွေဘက်မှာ ရင်းနှီးမြှုပ်နှံကြခြင်းအားဖြင့် ၈ နှစ်လောက်ကြာလာတဲ့  အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို တုံ့ပြန်နေကြပါတယ်။

ထောင်ပေါင်းများစွာသော တားမြစ်ချက်တွေ၊ ကန့်သတ်ချက်တွေနဲ့အတူ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရုရှားနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ အားလုံးနီးပါးကို ထိခိုက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလက ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် အရေးယူမှု အစီအမံတွေကလည်း ပိုပြီး အရှိန်မြင့်လာပါတယ်။ ဒါကိုအံတုကြတဲ့ တချို့ ရုရှား စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်  အရင် ၂၀၁၄ ခုနှစ် ပိတ်ဆို့အရေးယူမှု ပထမလှိုင်းတုန်းကတောင် မရှိဘူးသေးတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို တည်ဆောက်ဖို့ အခွင့်အလမ်းကို မြင်လာကြပါတယ်။

၂၀၁၄ ခုနှစ်က ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် နာမည်ကြီး ပြည်ပပို့ကုန် ဒိန်ခဲတွေ အဝယ်ရခက်လွန်းချိန်မှာ မော်စကိုမြို့သား ပရိုဂရမ်မာ Oleg Sirota ဟာ မိသားစုပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး လုပ်ငန်းသစ်တခု စတင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ မွေးမြူရေးခြံနဲ့ ရုရှားချိစ် ဒိန်ခဲထုတ်စက်ရုံကို တည်ထောင်ခဲ့ပါတယ်။

အခုဆိုရင် တနေ့တနေ့ ကမ္ဘာလှည့်ခရီးသွားနဲ့ ဝယ်ယူသူပေါင်း ၁,၅၀၀ လောက်ဟာ ပြည်တွင်းထုတ်ဒိန်ခဲတွေကို ဝယ်ယူဖို့နဲ့ သူ့ရဲ့ ခြံနဲ့ ချိစ်စက်ရုံကို လည်ပတ်ကြည့်ရှုဖို့  မော်စကိုကနေ ကီလိုမီတာ ၇၀ လောက်မှာရှိတဲ့ အစ္စထရာမြို့ကို လာရောက်ကြတယ်လို့ ပြောပြပါတယ်။

Sirota ရဲ့ခြံမှာ အခုဆို နို့စားနွားကောင်ရေ ၁၅၀ ကျော်ရှိပြီး သူ့ရဲ့ ၁၀၁ ဆိုင်မြောက် ဒိန်ခဲဆိုင်ကိုလည်း မကြာသေးမီက ဖွင့်လှစ်ခဲ့ပါတယ်။

လူသုံး အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ ကားတွေ၊ အကြီးစားစက်ယန္တရားတွေနဲ့ တခြား အရေးကြီးထုတ်ကုန်တွေလို ပြည်ပကတင်ပို့တဲ့ ပစ္စည်းတွေကိုတော့ ပြည်တွင်းမှာ အစားထိုး ရွေးချယ်စရာ မလွယ်ကူပေမဲ့လည်း ကျွမ်းကျင်သူတွေကတော့ ပိတ်ဆို့အရေးယူမှုတွေဟာ စွန့်ဦးတီထွင်သူတွေကို အသစ်အဆန်းတွေ စမ်းလုပ်ကြည့်ဖို့ တွန်းအားပေးနိုင်တယ်လို့ အကောင်းမြင် သုံးသပ်ကြပါတယ်။

ဒီအချိန်မှာ ပိတ်ဆို့အရေးယူမှုတွေက ရုရှားစီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ပြည်သူတွေရဲ့ဘဝအပေါ် သိသိသာသာ လွှမ်းမိုးမှု တစုံတရာ မရှိသေးဘူးလို့ အစိုးရဘဏ္ဍာရေးတက္ကသိုလ်မှ ဌာနမှူး Aleksandr Shatil က ပြောကြားခဲ့ပါတယ်။

//
Up