ရုရှားဟာ ယူကရိန်းကိုတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ပြီး ရုရှားရွေးချယ်ထားတဲ့ စစ်ပွဲထဲ နေတိုးကို ဆွဲသွင်းမှာမဟုတ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုင်ဒ်အော်စတင်က အောက်တိုဘာ ၁၃ ရက်မှာ ပြောပါတယ်။
နေတိုးအဖွဲ့ဟာ အရင်ကထက် ပိုပြီးစည်းလုံးနေကြောင်း ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်က နေတိုးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အော်စတင်က ပြောလိုက်တာပါ။
ယူကရိန်းအပေါ် နေတိုးရဲ့ ကတိကဝတ်တွေနဲ့ “နေတိုးရဲ့ စုပေါင်းကာကွယ်ရေးကို အားကောင်းစေဖို့” ရည်မှန်းချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
အော်စတင်ဟာ ယူကရိန်းနိုင်ငံတဝန်းမှာ ဒုံးကျည် တိုးမြှင့်တိုက်ခိုက်တဲ့ရက်တွေ တိုးလာပြီးနောက် ကိယက်ဗ်ကို နောက်ထပ် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးမယ့် အစီအစဉ်ကိုလည်း ချမှတ်ခဲ့ပါတယ်။
ပူတင်က ဒီစစ်ပွဲကို ရွေးချယ်မှုအနေနဲ့ စတင်ခဲ့တာဖြစ်လို့ ဒီစစ်ပွဲကို အရှိန်လျှော့ဖို့၊ အဆုံးသတ်ဖို့ကို ရုရှားက စစ်ပွဲကနေ ပြန်ဆုတ်ခွာခြင်းအားဖြင့် ပဋိပက္ခကို ဖြေရှင်းနိုင်ကြောင်းလည်း အော်စတင်က ပြောပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို အနာဂတ်မှာ နောက်ထပ် လောင်ချာ ၁၈ ခု ပေးပို့ဖို့ရှိပြီး အဲဒါတွေ မပို့ရသေးခင် နောက်ထပ် စွမ်းရည်မြင့် HIMARS လောင်ချာလေးခုကို ထောက်ပံ့ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့က ဘရပ်ဆဲလ်ရှိ နေတိုးမဟာမိတ်များတွေ့ဆုံပွဲမှာ ပက်ထရီယော့ထ်နဲ့ တခြား ဒုံးကျည်စနစ်တွေနဲ့အတူ ဥရောပရဲ့ လေကြောင်းရန်ကာကွယ်ရေးကို မြှင့်တင်မယ့် အစီအစဉ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ကိယက်ဗ်အတွက် စစ်ရေးအကူအညီတွေ ပိုပေးတာဟာ အမေရိကန်ဦးဆောင်တဲ့ စစ်ရေးမဟာမိတ်တွေကို စစ်ပွဲထဲ တိုက်ရိုက်ပါဝင်ဖို့ လုပ်ဆောင်နေတာဖြစ်ကြောင်း မော်စကိုက ပြောပါတယ်။ ယူကရိန်းကို နေတိုးမှာ အသိအမှတ်ပြုလိုက်တာက ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခကို ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကတော့ ယူကရိန်းမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ရှိပါသေးတယ်လို့ ကြာသပတေးနေ့က ဥရောပပါလီမန်ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ လွတ်လပ်တဲ့ ဥရောပတိုက်အားလုံးကို ရန်လိုတဲ့ ရုရှားစစ်ပွဲဟာ ခရိုင်းမီးယားမှာ စတင်ခဲ့ပြီး ခရိုင်းမီးယားမှာပဲ အဆုံးသတ်ရမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သြဂုတ် ၉ ရက်မှာ သတိပေးလိုက်ပါတယ်။
ခရိုင်းမီးယားကို ရုရှားက ဆက်သိမ်းပိုက်နေချိန်မှာ ပင်လယ်နက်ဒေသရဲ့ လုံခြုံရေးဟာ ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရုရှားဟာ ဒီကျွန်းဆွယ်ကို သူ့ရဲ့ စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုနိုင်စွမ်း ရှိပေမဲ့လည်း မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့် ခရိုင်းမီးယား လွတ်မြောက်ရေးအတွက် လုပ်ဆောင်ဖို့ အဓိက သံတမန်အစည်းအဝေးဖြစ်တဲ့ ခရိုင်းမီးယားပလက်ဖောင်းကို စတင်ခဲ့ပြီး ဒီနှစ်မှာလည်း ခေါ်ယူဖို့ရှိကြောင်းနဲ့ ဒီထိပ်သီးအစည်းအဝေးကို ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
သိမ်းပိုက်ခံထားရတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေ အနီးက ရုရှားလေတပ်စခန်းတခု ပေါက်ကွဲမှုကြောင့် လူတဦးသေဆုံးပြီးနောက်မှာ ဇလန်းစကီးက မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။
ဇလန်းစကီးဟာ အင်္ဂါနေ့က သူ့ရဲ့ နေ့စဉ်ဗွီဒီယိုမိန့်ခွန်းထဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တိုက်ရိုက်ဖော်ပြတာ မရှိပေမဲ့ လူတွေက ခရိုင်းမီးယားကို အာရုံစိုက်နေတာ မှန်တယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
မော်စကိုက ဒီပေါက်ကွဲမှုဟာ ဘာတိုက်ခိုက်မှုကြောင့်မှ မဟုတ်ဘဲ သိမ်းဆည်းထားတဲ့ ခဲယမ်းမီးကျောက်တွေကို ဖောက်ခွဲလိုက်တာကြောင့်လို့ ဆိုပါတယ်။