close

ရန်လိုသည့် ရုရှားစစ်ပွဲ ခရိုင်းမီးယားတွင် အဆုံးသတ်ရမည်ဟု ယူကရိန်းသမ္မတ သတိပေး

ယူကရိန်းနဲ့ လွတ်လပ်တဲ့ ဥရောပတိုက်အားလုံးကို ရန်လိုတဲ့ ရုရှားစစ်ပွဲဟာ ခရိုင်းမီးယားမှာ စတင်ခဲ့ပြီး ခရိုင်းမီးယားမှာပဲ အဆုံးသတ်ရမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သြဂုတ် ၉ ရက်မှာ သတိပေးလိုက်ပါတယ်။

ခရိုင်းမီးယားကို ရုရှားက ဆက်သိမ်းပိုက်နေချိန်မှာ ပင်လယ်နက်ဒေသရဲ့ လုံခြုံရေးဟာ ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရုရှားဟာ ဒီကျွန်းဆွယ်ကို သူ့ရဲ့ စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုနိုင်စွမ်း ရှိပေမဲ့လည်း မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း ဆိုပါတယ်။ 

ဒါကြောင့် ခရိုင်းမီးယား လွတ်မြောက်ရေးအတွက် လုပ်ဆောင်ဖို့ အဓိက သံတမန်အစည်းအဝေးဖြစ်တဲ့ ခရိုင်းမီးယားပလက်ဖောင်းကို စတင်ခဲ့ပြီး ဒီနှစ်မှာလည်း ခေါ်ယူဖို့ရှိကြောင်းနဲ့ ဒီထိပ်သီးအစည်းအဝေးကို ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သိမ်းပိုက်ခံထားရတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေ အနီးက ရုရှားလေတပ်စခန်းတခု ပေါက်ကွဲမှုကြောင့် လူတဦးသေဆုံးပြီးနောက်မှာ  ဇလန်းစကီးက မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဇလန်းစကီးဟာ အင်္ဂါနေ့က သူ့ရဲ့ နေ့စဉ်ဗွီဒီယိုမိန့်ခွန်းထဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တိုက်ရိုက်ဖော်ပြတာ မရှိပေမဲ့ လူတွေက ခရိုင်းမီးယားကို အာရုံစိုက်နေတာ မှန်တယ်လို့ ပြောခဲ့ပါတယ်။

ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

မော်စကိုက ဒီပေါက်ကွဲမှုဟာ ဘာတိုက်ခိုက်မှုကြောင့်မှ မဟုတ်ဘဲ သိမ်းဆည်းထားတဲ့ ခဲယမ်းမီးကျောက်တွေကို ဖောက်ခွဲလိုက်တာကြောင့်လို့ ဆိုပါတယ်။

//
Up