အောင်ပွဲနေ့ အထိမ်းအမှတ် စစ်ရေးပြပွဲအတွက် ရုရှားတင့်ကားတွေ ဧပြီ ၂၈ ရက်က မော်စကိုမြို့လယ်မှာ အစမ်းလေ့ကျင့်နေပါတယ်။
မေ ၉ ရက်၊ နာဇီ ဂျာမနီတွေ လက်နက်ချပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းအမှတ်၊ စစ်ပွဲအောင်နိုင်ခြင်း အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို မော်စကိုမှာ နှစ်စဉ် ကျင်းပလေ့ရှိသလို ဒီနှစ်လည်း ကျင်းပဖို့ ပြင်ဆင်နေတာပါ။
ဒီနှစ်အခမ်းအနားကတော့ ရုရှားက ယူကရိန်းမှာ ကျူးကျော်စစ်တိုက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်ပါတယ်။
ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ ထောင်နဲ့ချီတဲ့ တင့်ကားတွေကို စေလွှတ်ခဲ့ပါတယ်။ အခုအချိန်အထိ ယူကရိန်းတပ်တွေက ရုရှားရဲ့ ကျူးကျော်မှုကို ကြံ့ကြံ့ခံ ခုခံနေပြီး အနောက်နိုင်ငံတွေကလည်း ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ မြောက်ပိုင်းကို သိမ်းယူဖို့ တိုက်ခိုက်တာ မအောင်မြင်တဲ့နောက်မှာ အခုအခါမှာတော့ အရှေ့ဘက် စစ်မျက်နှာကို သဲကြီးမဲကြီး ထိုးစစ်ဆင်နေပြန်ပါတယ်။
အရှေ့ပိုင်းကဒေသ ၂ ခုကို ရုရှားတွေ ထိုးစစ်ဆင်နေတာဟာ ဒီစစ်ပွဲရဲ့ အဆုံးအဖြတ် ဖြစ်လိမ့်မယ်လို့ အနောက်နိုင်ငံတွေက ခန့်မှန်းထားကြပါတယ်။
ရုရှားတပ်တွေဟာ အခုအခါမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ ယူကရိန်း အရှေ့ဘက် စစ်မျက်နှာနဲ့ မတ်လကတည်းက ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ တောင်ပိုင်းဒေသတချို့ကို ခြေကုပ်ယူထားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
သိမ်းဆည်းရရှိခဲ့တဲ့ ရုရှားသံချပ်ကာယာဉ်တွေ၊ လေယာဉ်ပစ်လောင်ချာ တပ်ဆင်ထားတဲ့ ကားတွေ၊ မြေပြင်မှ ဝေဟင်ပစ် စစ်လက်နက်ပစ္စည်းမျိုးစုံနဲ့ မစ်ဇိုင်းမျိုးစုံတို့ကို ယူကရိန်းစစ်တပ်က မတ် ၂၉ ရက်နေ့မှာ ပြသခဲ့ပါတယ်။
အဆိုပါ လက်နက်အများအပြားဟာ ယူကရိန်းအရှေ့ဘက် ခါရ်ကိဗ်နဲ့ ချူဟွိဗ်မြို့ကြား ဟိုက်ဝေးလမ်းမကြီးပေါ်မှာ စွန့်ပစ်ထားခဲ့တာပါ။
သိမ်းဆည်းရခဲ့တဲ့ ရုရှားစစ်လက်နက်တွေကို ပြန်လည်ပြင်ဆင် အသုံးပြုသွားမယ်လို့ ယူကရိန်းစစ်တပ်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။