ယူကရိန်းတောင်ပိုင်းမှာ ရုရှားကသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ဝန်ဆောင်မှုပေးနေတဲ့ မြို့ထဲက ဒေသခံတွေကို ရုရှားတပ်ဖွဲ့တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတယ်လို့ ယူကရိန်းစစ်တပ်က မေလ ၇ ရက်နေ့မှာ ပြောပါတယ်။
ဇာပိုရစ်ချ်ဇီယာဒေသ အပါအဝင် ရုရှားအစိုးရက ထိန်းချုပ်ထားတဲ့ နယ်မြေကို ပြန်သိမ်းဖို့ ယူကရိန်းက တန်ပြန်ထိုးစစ်ကို မကြာမီ စတော့မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဇာပိုရစ်ချ်ဇီယာဒေသအတွင်း ရုရှားသိမ်းပိုက်ထားတဲ့ မေလစ်တိုပိုမြို့ရဲ့ ပြည်ပြေး မြို့တော်ဝန် အီဗန် ေဖဒိုရော့ဗ်က ယူကရိန်း ကုန်းမကြီးကနေ ခရိုင်းမီးယားကျွန်းဆွယ်ဆီ သွားနေတဲ့ အရပ်ဘက်သုံး ကားတန်းကြီးရဲ့ ဓာတ်ပုံကို သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ တင်ခဲ့ပါတယ်။ အရပ်သားတွေဟာ စစ်ဆေးရေးဂိတ်မှာ ငါးနာရီအထိ စောင့်ရတယ်လို့လည်း သူက ရေးပါတယ်။
ဒီဓာတ်ပုံတွေ ရိုက်ယူထားတဲ့ ရက်စွဲ၊ ရိုက်ကူးတဲ့နေရာနဲ့ သူ့ရဲ့ပြောကြားချက်ကို သီးခြားအတည်မပြုနိုင်ပါဘူး။
ပထမဦးစွာ ရွှေ့ပြောင်းခံရသူတွေဟာ ရုရှားက သိမ်းပိုက်ခံရတဲ့ ပထမလအတွင်း ရုရှားနိုင်ငံသားဖြစ်ခွင့်ကို လက်ခံခဲ့ကြသူတွေလို့ ယူကရိန်း စစ်ဦးစီးအရာရှိက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုရှားတပ်တွေဟာ ဒေသခံ ရုရှား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို အာဇော့ဗ်ပင်လယ် ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ ဘာဒီယန့်စ်နဲ့ ပရိုင်းမော့စ်ခ် ဆိပ်ကမ်းမြို့တွေဆီကို ဘေးကင်းရာ ရွှေ့ပေးခဲ့ကြတယ်လို့ ယူကရိန်း စစ်ဦးစီးအရာရှိက မနက်ခင်း ထုတ်ပြန်ချက်ထဲမှာ ပြောခဲ့ပါတယ်။
ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့က ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အရှိဆုံး တပ်တွေကို ချေမှုန်းဖျက်ဆီးခဲ့တယ်လို့ ယူကရိန်း ထိပ်တန်းစစ်ဗိုလ်ချုပ်က ပြောကြားခဲ့ကြောင်း မေလ ၂ ရက်မှာ ဗွီဒီယိုနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
“ဘတ်ခ်မွတ်ကို ဆက်ထိန်းထားကြောင်းနဲ့ ကိုယ့်ရဲ့အရန်အင်အားတွေကို ပြင်ဆင်ဖို့ အခွင့်အရေးပေးထားပြီး နောက်ထပ် အရေးယူမှုတွေအတွက် ကျနော်တို့ကိုယ်တိုင် ပြင်ဆင်နေပါတယ်” လို့ ယူကရိန်းမြေပြင်တပ်ဖွဲ့မှူး ဆာစကီးက သူ့ရဲ့ တရားဝင် တယ်လီဂရမ်ချန်နယ်မှာ ထုတ်ပြန်တဲ့ ဗွီဒီယိုတခုမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းမြို့အတွက် ၁၀ လကြာ တိုက်ပွဲဟာ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းက စတင်ပြီး ရှေ့တန်းစစ်မျက်နှာမှာ အပြောင်းအလဲ အနည်းငယ်သာ မြင်တွေ့ခဲ့ရကာ နှစ်ဖက်စလုံးက ထိုးဖောက်မှုရအောင်ရှာပြီး စစ်ပွဲတခုရဲ့ အဓိက ဟန်ချက်နေရာ ဖြစ်လာပါတယ်။
မေ ၁ ရက်နေ့က ပြင်းထန်တဲ့ တိုက်ပွဲတွေကြားမှာပဲ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေကို ဘတ်ခ်မွတ်ရှိ တချို့နေရာတွေကနေ မောင်းထုတ်ဖယ်ရှားခဲ့ကြောင်း ဆာစကီးဟာ ပြောပါတယ်။
ရုရှားရဲ့ ဝဂ္ဂနာအုပ်စုကလည်း သူ့အဖွဲ့တွေဟာ အဲဒီမှာ တဖြည်းဖြည်း ရှေ့တိုးသွားခဲ့ပြီး သူ့ရဲ့ တိုက်ခိုက်ရေးသမား ၈၆ ယောက် ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။