close

ဇာပိုရစ်ချ်ဇီယာ နျူးကလီးယား ဓာတ်အားပေးစက်ရုံအနီးမှ ဒေသခံများကို ရုရှားတပ်ဖွဲ့ ရွှေ့ပြောင်း

ယူကရိန်းတောင်ပိုင်းမှာ ရုရှားကသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ဝန်ဆောင်မှုပေးနေတဲ့ မြို့ထဲက ဒေသခံတွေကို ရုရှားတပ်ဖွဲ့တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတယ်လို့ ယူကရိန်းစစ်တပ်က မေလ ၇ ရက်နေ့မှာ ပြောပါတယ်။

ဇာပိုရစ်ချ်ဇီယာဒေသ အပါအဝင် ရုရှားအစိုးရက ထိန်းချုပ်ထားတဲ့ နယ်မြေကို ပြန်သိမ်းဖို့ ယူကရိန်းက တန်ပြန်ထိုးစစ်ကို မကြာမီ စတော့မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဇာပိုရစ်ချ်ဇီယာဒေသအတွင်း ရုရှားသိမ်းပိုက်ထားတဲ့ မေလစ်တိုပိုမြို့ရဲ့ ပြည်ပြေး မြို့တော်ဝန် အီဗန် ‌ေဖဒိုရော့ဗ်က ယူကရိန်း ကုန်းမကြီးကနေ ခရိုင်းမီးယားကျွန်းဆွယ်ဆီ သွားနေတဲ့ အရပ်ဘက်သုံး ကားတန်းကြီးရဲ့ ဓာတ်ပုံကို သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ တင်ခဲ့ပါတယ်။ အရပ်သားတွေဟာ စစ်ဆေးရေးဂိတ်မှာ ငါးနာရီအထိ စောင့်ရတယ်လို့လည်း သူက ရေးပါတယ်။

ဒီဓာတ်ပုံတွေ ရိုက်ယူထားတဲ့ ရက်စွဲ၊ ရိုက်ကူးတဲ့နေရာနဲ့ သူ့ရဲ့ပြောကြားချက်ကို သီးခြားအတည်မပြုနိုင်ပါဘူး။

ပထမဦးစွာ ရွှေ့ပြောင်းခံရသူတွေဟာ ရုရှားက သိမ်းပိုက်ခံရတဲ့ ပထမလအတွင်း ရုရှားနိုင်ငံသားဖြစ်ခွင့်ကို လက်ခံခဲ့ကြသူတွေလို့ ယူကရိန်း စစ်ဦးစီးအရာရှိက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားတပ်တွေဟာ ဒေသခံ ရုရှား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို  အာဇော့ဗ်ပင်လယ် ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ ဘာဒီယန့်စ်နဲ့ ပရိုင်းမော့စ်ခ် ဆိပ်ကမ်းမြို့တွေဆီကို ဘေးကင်းရာ ရွှေ့ပေးခဲ့ကြတယ်လို့ ယူကရိန်း စစ်ဦးစီးအရာရှိက မနက်ခင်း ထုတ်ပြန်ချက်ထဲမှာ ပြောခဲ့ပါတယ်။

Up