ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂီလာ့ဗရော့ဗ်နဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အထွေထွေအတွင်းရေးမှူး ဟူစိန်အီဗရာဟင်မ်တာဟာတို့ ရုရှားမြို့တော် မော်စကိုမှာ အောက်တိုဘာ ၂၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
လာ့ဗ်ရော့ဗ်က အစ္စလာမ်ကမ္ဘာဟာ သူ့ရဲ့ လွတ်လပ်ရေးကို အလျှော့မပေးဘူး၊ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတွေရဲ့ တန်းတူညီမျှရေးမူကို နိုင်ငံတကာဥပဒေ အပေါ်အခြေခံပြီး နိုင်ငံတကာ ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ကမ္ဘာ့ယဉ်ကျေးမှု မတူကွဲပြားမှုများကို လေးစားလိုက်နာ ဖို့ ကတိပြု ထားတယ်လို့ တာဟာကို ပြောပါတယ်။
ရုရှားဟာ "မိတ်ဆွေ" ဖြစ်ပြီး အစ္စလာမ္မစ်နိုင်ငံတွေက ရုရှားရဲ့ ထောက်ခံမှုကို အားကိုးတယ်လို့ တာဟာက ပြောခဲ့ပါတယ်။
ရုရှာအစိုးရနဲ့ အိုအိုင်စီတို့ဟာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ အားကောင်းစေဖို့ သဘောတူ ခဲ့ကြပါတယ်။
ရုရှားနိုင်ငံဟာ အိုအိုင်စီအတွက် လေ့လာသူနိုင်ငံဖြစ်သလို အိုအိုင်စီကလည်း သူ့ကိုယ်သူ "မွတ်စလင်ကမ္ဘာရဲ့ စုပေါင်းအသံ" လို့ ခေါ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး မြှင့်တင်ရေးကို သူ့ရဲ့အဓိကပန်းတိုင်တွေထဲက တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။
ရုရှားအစိုးရဟာ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ရာမှာ လူထောင်ပေါင်း များစွာ သေဆုံးခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ပတ်လည်မှာ မီးနဲ့ ဆော့ကစားနေတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က စွပ်စွဲပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားတဲ့ မိန့်ခွန်းမှာ ရုရှားဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုဟာ ခုချိန်မှာ အာရှဒေသတွေကို ခွဲထုတ်ဖို့ ကြိုးပမ်းနေပြီလို့လည်း လာဗ်ရော့ဗ်က ပြောပါတယ်။
အမေရိကန်အစိုးရက အင်ဒို-ပစိဖိတ်ဒေသအတွင်း သီးသန့်ပုံစံနဲ့ နိုင်ငံအုပ်စုတွေကို ဖွဲ့စည်းထားတယ်လို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
"သူတို့က ထိုင်ဝမ်တစ်ဝိုက်မှာ မီးနဲ့ကစားနေတယ်။ ဒါ့အပြင် ထိုင်ဝမ်ကို စစ်ရေးအရ ပံ့ပိုးပေးမယ်လို့ ကတိပေးထားပါတယ်" လို့ ဆာဂီလာ့ဗ်ရော့ဗ်က ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ဩဂုတ်လမှာ ထိုင်ဝမ်ကို လာရောက် လည်ပတ်ခဲ့လို့ တရုတ်အစိုးရက စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။
ဒါကြောင့် ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အစိုးရအကြား တင်းမာမှုတွေ မြင့်တက်လာပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းကို ကာကွယ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့ပါတယ်။
အမေရိကန်ဟာ ပိတ်ဆို့အရေးယူမှုတွေကနေတဆင့် ကမ္ဘာကြီးတစ်ခုလုံးကို သူ့ရဲ့ အိမ်နောက်ဖေးအဖြစ် ပြောင်းဖို့ ကြိုးပမ်းနေတယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲခဲ့ပါတယ်။
"ဒါဟာ မသမာတဲ့ အာဏာရှင်စနစ် ဒါမှမဟုတ် အဲဒီစနစ်ကို ကျင့်သုံးဖို့ ကြိုးစားမှု စစ်စစ်ပဲ”လို့လည်း လာဗ်ရော့ဗ်က ပြောပါတယ်။
ဖေဖော်ဝါရီလက ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်လာပြီးတဲ့နောက် အမေရိကန်နဲ့ သူ့ရဲ့ အနောက်မဟာမိတ်တွေက ရုရှားအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။