ထိုင်ဝမ်အရေး အမေရိကန်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဝေဖန်

အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ပတ်လည်မှာ မီးနဲ့ ဆော့ကစားနေတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က စွပ်စွဲပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားတဲ့ မိန့်ခွန်းမှာ ရုရှားဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုဟာ ခုချိန်မှာ အာရှဒေသတွေကို ခွဲထုတ်ဖို့ ကြိုးပမ်းနေပြီလို့လည်း လာဗ်ရော့ဗ်က ပြောပါတယ်။
အမေရိကန်အစိုးရက အင်ဒို-ပစိဖိတ်ဒေသအတွင်း သီးသန့်ပုံစံနဲ့ နိုင်ငံအုပ်စုတွေကို ဖွဲ့စည်းထားတယ်လို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
"သူတို့က ထိုင်ဝမ်တစ်ဝိုက်မှာ မီးနဲ့ကစားနေတယ်။ ဒါ့အပြင် ထိုင်ဝမ်ကို စစ်ရေးအရ ပံ့ပိုးပေးမယ်လို့ ကတိပေးထားပါတယ်" လို့ ဆာဂီလာ့ဗ်ရော့ဗ်က ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ဩဂုတ်လမှာ ထိုင်ဝမ်ကို လာရောက် လည်ပတ်ခဲ့လို့ တရုတ်အစိုးရက စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။
ဒါကြောင့် ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အစိုးရအကြား တင်းမာမှုတွေ မြင့်တက်လာပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းကို ကာကွယ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့ပါတယ်။
အမေရိကန်ဟာ ပိတ်ဆို့အရေးယူမှုတွေကနေတဆင့် ကမ္ဘာကြီးတစ်ခုလုံးကို သူ့ရဲ့ အိမ်နောက်ဖေးအဖြစ် ပြောင်းဖို့ ကြိုးပမ်းနေတယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲခဲ့ပါတယ်။
"ဒါဟာ မသမာတဲ့ အာဏာရှင်စနစ် ဒါမှမဟုတ် အဲဒီစနစ်ကို ကျင့်သုံးဖို့ ကြိုးစားမှု စစ်စစ်ပဲ”လို့လည်း လာဗ်ရော့ဗ်က ပြောပါတယ်။
ဖေဖော်ဝါရီလက ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်လာပြီးတဲ့နောက် အမေရိကန်နဲ့ သူ့ရဲ့ အနောက်မဟာမိတ်တွေက ရုရှားအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။