ရုရှားနိုင်ငံမှာ ၉ နှစ်ကျော် ခိုလှုံနေတဲ့ အမေရိကန်ထောက်လှမ်းရေးဟောင်း အဒ်ဒွပ်စနိုးဒင်ကို ရုရှားသမ္မတဗလာဒီမာပူတင်က စက်တင်ဘာ ၂၆ ရက်မှာ ရုရှားနိုင်ငံသားဖြစ်ခွင့် ပေးအပ်လိုက်ပါတယ်။
အသက် ၃၉ နှစ်ရှိ စနိုးဒင်ဟာ သူ အလုပ်လုပ်ခဲ့ရာ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) မှ ဆောင်ရွက်ခဲ့တဲ့ များပြားလှတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာဆိုင်ရာ လျှို့ဝှက်စောင့်ကြည့် ထောက်လှမ်းရေး ၂၀၁၃ ခုနှစ်မှာ ထုတ်ဖော်ဖွင့်ချခဲ့ပြီးနောက်မှာ အမေရိကန်ကနေ ထွက်ပြေးကာ ရုရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။
အမေရိကန်အာဏာပိုင်တွေဟာ သူ့ကို သူလျှိုမှုစွဲချက်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးမှာ ရင်ဆိုင်ဖို့အတွက် အမေရိကန်ကို ပြန်ရောက်စေချင်နေတာပါ။
ရုရှားသမ္မတပူတင်အမိန့်အရ ရုရှားနိုင်ငံသားဖြစ်ခွင့် ပေးလိုက်တဲ့ နိုင်ငံခြားမွေးဖွားသူ ၇၂ ဦး စာရင်းထဲမှာ နာမည်ပါရှိနေတဲ့အပေါ် စနိုးဒင်က ချက်ချင်း တုံ့ပြန်မှု မရှိပါဘူး။
၂၀၂၀ ပြည့်နှစ်မှာ သားတစ်ယောက် မွေးဖွားခဲ့တဲ့ စနိုးဒင်းရဲ့ဇနီး လင်းဆေးမစ်လ်ကလည်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှာဖြစ်ကြောင်း စနိုးဒင်ရဲ့ ရှေ့နေ အနာတိုလီ ကူချေရီနာက ပြောပါတယ်။
စနိုးဒင်ကို ၂၀၂၀ ပြည့်နှစ်မှာ ရုရှားက ပီအာရ်-အမြဲတမ်းနေထိုင်ခွင့် ပေးခဲ့ပြီး ရုရှားနိုင်ငံသားဖြစ်ခွင့် ရရှိစေမယ့် လမ်းကြောင်းခင်းပေးခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ အမေရိကန် အယူခံတရားရုံးဟာ စနိုးဒင် ဖော်ထုတ်ခဲ့တဲ့ အစီအစဉ်ဟာ ဥပဒေနဲ့ မညီကြောင်းနဲ့ ဒါကို လူသိရှင်ကြား ခုခံကာကွယ်တဲ့ အမေရိကန် ထောက်လှမ်းရေး ခေါင်းဆောင်တွေက အမှန်တရားကို မပြောကြားခဲ့ကြဘူးလို့ တွေ့ရှိခဲ့ပါတယ်။
ရုရှား သူလျှိုအကြီးအကဲဟောင်း ပူတင်က ရုရှားမှာ သိုသိုသိပ်သိပ် နေထိုင်နေတဲ့ စနိုးဒင်ဟာ အမေရိကန် လျှို့ဝှက်ချက်တွေကို ပေါက်ကြားခဲ့စေတာဟာ မှားယွင်းပေမယ့်လည်း သူဟာ သစ္စာဖောက်တယောက် မဟုတ်ကြောင်း ၂၀၁၇ ခုနှစ်မှာ ပြောပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲနေတဲ့ ရုရှားနိုင်ငံမှာ စစ်သည်အင်အားစုဆောင်းဖို့ သမ္မတ ပူတင်က အမိန့်ပေးခဲ့ပြီးနောက်မှာ ရုရှားပြည်သူတွေက နိုင်ငံထဲကနေ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာနေကြပါတယ်။
ရုရှားကနေ ဂျော်ဂျီယာကိုဖြတ်ကျော်ဖို့ နှစ်နိုင်ငံနယ်စပ်ရှိ ဇီမိုလာဆီစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကားတွေ အမြောက်အမြား တန်းစီနေကြပါတယ်။
မော်တော်ကားတွေကို အဖွဲ့ငယ်လေးတွေနဲ့ နယ်စပ်ကနေ ဖြတ်သန်းခွင့်ပြုထားကြောင်း စက်တင်ဘာ ၂၂ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အလားတူ ဖင်လန်နဲ့ နယ်စပ်လမ်းကြောင်းမှာလည်း ယာဉ်အသွားအလာတွေ တဟုန်ထိုး တက်လာပြီး ယာဉ်ကြောပိတ်ဆို့မှုက ညတွင်းချင်း ဆိုးလာတယ်လို့ ဖင်လန်နယ်ခြားစောင့်တပ်က ပြောပါတယ်။
ဒါ့အပြင် ရုရှားမြို့တော်မော်စကိုကနေ ထွက်ခွာမယ့် လေယာဉ်လက်မှတ်တွေလည်း စျေးနှုန်းတွေ ထိုးတက်သွားပြီး ရုရှားနိုင်ငံ ပြင်ပမှာ လေယာဉ်လက်မှတ် ရှာဖွေဖို့ ကြိုးပမ်းမှုတွေကလည်း စိတ်ပျက်စရာကောင်းတယ်လို့ ခရီးသွားလုပ်ငန်းမှ သတင်းရင်းမြစ်က ရိုက်တာကို ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်မနက် အစောပိုင်းမှာ ရုရှားသမ္မတ ပူတင်က စစ်အင်အားစုဆောင်းဖို့ အမိန့်ပေးခဲ့တာပါ။
ဆိုရှယ်မီဒီယာမှာတော့ "ရုရှားကနေ အခုချက်ချင်း ထွက်ပြေးရမယ့်နေရာ" စာရင်းကို ရုရှားဘာသာ စကားနဲ့ သတင်းဆိုက်တခုက ဖော်ပြခဲ့ပါတယ်။