စစ်အင်အားစုဆောင်းရန် သမ္မတပူတင်က အမိန့်ပေးပြီးနောက် ရုရှားနိုင်ငံသားများပြည်ပကို စုပြုံထွက်ခွာနေ

ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲနေတဲ့ ရုရှားနိုင်ငံမှာ စစ်သည်အင်အားစုဆောင်းဖို့ သမ္မတ ပူတင်က အမိန့်ပေးခဲ့ပြီးနောက်မှာ ရုရှားပြည်သူတွေက နိုင်ငံထဲကနေ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာနေကြပါတယ်။
ရုရှားကနေ ဂျော်ဂျီယာကိုဖြတ်ကျော်ဖို့ နှစ်နိုင်ငံနယ်စပ်ရှိ ဇီမိုလာဆီစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကားတွေ အမြောက်အမြား တန်းစီနေကြပါတယ်။
မော်တော်ကားတွေကို အဖွဲ့ငယ်လေးတွေနဲ့ နယ်စပ်ကနေ ဖြတ်သန်းခွင့်ပြုထားကြောင်း စက်တင်ဘာ ၂၂ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အလားတူ ဖင်လန်နဲ့ နယ်စပ်လမ်းကြောင်းမှာလည်း ယာဉ်အသွားအလာတွေ တဟုန်ထိုး တက်လာပြီး ယာဉ်ကြောပိတ်ဆို့မှုက ညတွင်းချင်း ဆိုးလာတယ်လို့ ဖင်လန်နယ်ခြားစောင့်တပ်က ပြောပါတယ်။
ဒါ့အပြင် ရုရှားမြို့တော်မော်စကိုကနေ ထွက်ခွာမယ့် လေယာဉ်လက်မှတ်တွေလည်း စျေးနှုန်းတွေ ထိုးတက်သွားပြီး ရုရှားနိုင်ငံ ပြင်ပမှာ လေယာဉ်လက်မှတ် ရှာဖွေဖို့ ကြိုးပမ်းမှုတွေကလည်း စိတ်ပျက်စရာကောင်းတယ်လို့ ခရီးသွားလုပ်ငန်းမှ သတင်းရင်းမြစ်က ရိုက်တာကို ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်မနက် အစောပိုင်းမှာ ရုရှားသမ္မတ ပူတင်က စစ်အင်အားစုဆောင်းဖို့ အမိန့်ပေးခဲ့တာပါ။
ဆိုရှယ်မီဒီယာမှာတော့ "ရုရှားကနေ အခုချက်ချင်း ထွက်ပြေးရမယ့်နေရာ" စာရင်းကို ရုရှားဘာသာ စကားနဲ့ သတင်းဆိုက်တခုက ဖော်ပြခဲ့ပါတယ်။