ရုရုားနိုင်ငံအနေနဲ့ အိမ်နီးချင်းဘီလာရုစ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေပေါ်မှာ နည်းဗျူဟာမြောက် နျူးကလီးယား လက်နက်တွေ နေရာချဖို့ သဘောတူညီမှုရရှိခဲ့ပေမယ့် နျူးကလီယားမပြန့်ပွားရေး သဘောတူညီချက်ကို ချိုးဖောက်မှာမဟုတ်ဘူးလို့ မတ် ၂၅ ရက်မှာ သမ္မတ ပူတင် က ပြောကြားပါတယ်။
ဘီလာရုစ်သမ္မတ အလက်ဆန်းဒါး လူကာရှန်ကိုက ပိုလန်နိုင်ငံနဲ့ နယ်နိမိချင်းထိစပ်နေတဲ့ ဘီလာရုစ်နိုင်ငံ ဘက်အခြမ်းမှာ နျူးကလီးယားလက်နက်တွေ ထားရှိဖို့ ကာလအတန်ကြာ တင်ပြလာခဲ့တာလို့ ပူတင်က နိုင်ငံပိုင်ရုပ်သံကို ပြောပါတယ်။
“နျူးကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ နိုင်ငံတကာ တာဝန်ဝတ္တရားအပေါ်မှာ ချိုးဖောက် မှုမရှိဘဲ ဒီအစီအစဉ်အတိုင်း လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ကျနော်တို့ကြားမှာလည်း ဝတ္တရားဖောက်ဖျက်မှု မရှိဘူးဆိုတာကို အလေးပေးပြောကြားလိုပါတယ်” လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။။
ဘီလာရုစ်နိုင်ငံမှာ နျူးကလီးယားလက်နက်တွေ သိုလှောင်ထားမယ့် အဆောက်အအုံ တည်ဆောက်မှုကို ဇူလိုင် ၁ ရက်မှာ ရုရှားက အပြီးသတ်မှာဖြစ်ပြီး ဒီ လက်နက်ထိန်းချုပ်မှုကို တော့ ဘီလာရုစ်နိုင်ငံဆီ လွှဲပြောင်းပေးမှာမဟုတ်ဘူးလို့ ပူတင်က ဖြည့်စွက်ပြောပါတယ်။
ရုရှားအနေနဲ့ နျူလက်နက် သယ်ဆောင်နိုင်တဲ့ လေယာဉ် ၁၀ စင်းကို ဘီလာရုစ်နိုင်ငံမှာ နေရာချပြီး ဖြစ်တဲ့အပြင် နျူလက်နက်ပစ်လွှတ်နိုင်တဲ့ အက်စ်ကန်ဒါအမည်ရ နည်းဗျူဟာမြောက် ဒုံးကျည်စနစ်များစွာကိုပါ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ရုရှားသမ္မတက ဆိုပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ တင်းမာမှုမြင့်တက်နေချိန်မှာ ပူတင်က ဒီကိစ္စကို ကြေညာသွားတာပါ။
ရုရှားလေ့လာ သုံးသပ်သူအချို့ကတော့ နျူးကလီးယားတိုက်ခိုက်မှု အလားအလာတွေပေါ်မှာ ထင်ကြေးပေးပြောဆိုတာ တွေလည်း ရှိပါတယ်။
ရုရှားနဲ့ ဘီလာရုစ်တို့ဟာ နှစ်နိုင်ငံလုံးရဲ့ ပိုင်နက်နဲ့ ဘောလ်တစ်ပင်လယ်ထဲမှာ နေတိုးနိုင်ငံ တချို့ကို ထိတ်လန့်စေခဲ့တဲ့ တစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို စက်တင်ဘာ ၉ ရက်က စတင်ပြုလုပ်လိုက်ပါတယ်။
ရုရှားနိုင်ငံအနောက်ပိုင်းမှာ "Zapad-2021" လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲ အခမ်းအနားကို နှစ်နိုင်ငံမှထိပ်တန်းစစ်ဘက်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
အတိုက်အခံတွေကို နှိမ်နင်းမှုကြောင့် ဘီလာရုစ်နဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒီစစ်ရေးလေ့ကျင့်မှုကို သောကြာနေ့မှာ စတင်ပြီး စက်တင်ဘာ ၁၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
ပွဲမှာ စစ်သား ၂ သိန်း၊ လေယာဉ်နဲ့ရဟတ်ယာဉ်အစီး ၈၀၊ သင်္ဘော ၁၅ စင်းနဲ့ တင့်ကား ၃၀၀ နီးပါး ပါဝင်မယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အာမေးနီးယား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ္စတန်နဲ့ မွန်ဂိုလီးယားတို့မှ စစ်သည်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
အခုနှစ်အစောပိုင်းက ယူကရိန်းရဲ့ နယ်နိမိတ်တွေပေါ်မှာ ရုရှားစစ်အင်အား အမြောက်အမြား ချထားတဲ့ လေ့ကျင့်မှုတွေဟာ မတော်တဆထိခိုက်မှုနဲ့ မခန့်မှန်းနိုင်တဲ့ ပဋိပက္ခဖြစ်နိုင်ခြေတွေ ရှိတာကြောင့် နေတိုးအရာရှိတွေက သတိပေးထားတာပါ။
ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး နစ်ကိုလိုင်ပန်ကော့ဗ်ကတော့ စစ်ရေးလေ့ကျင့်မှုတွေဟာ သဘာဝအရကာကွယ်မှုသက်သက်သာဖြစ်ပြီး မော်စကိုနဲ့ မင့်စ်ခ်တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ စစ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ပုံကိုတိုးတက်စေဖို့ အခွင့်အလမ်းပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့ စစ်ရေးပြအခမ်းအနားဖွင့်ပွဲနေ့က ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ဘီလာရုစ်သမ္မတ အလက်ဇန်ဒါ လူကာရှန်ကိုတို့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။