နျူလက်နက်နေရာချရန် ရုရှားနှင့်ဘီလာရုစ် သဘောတူ

ရုရုားနိုင်ငံအနေနဲ့ အိမ်နီးချင်းဘီလာရုစ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေပေါ်မှာ နည်းဗျူဟာမြောက် နျူးကလီးယား လက်နက်တွေ နေရာချဖို့ သဘောတူညီမှုရရှိခဲ့ပေမယ့် နျူးကလီယားမပြန့်ပွားရေး သဘောတူညီချက်ကို ချိုးဖောက်မှာမဟုတ်ဘူးလို့ မတ် ၂၅ ရက်မှာ သမ္မတ ပူတင် က ပြောကြားပါတယ်။
ဘီလာရုစ်သမ္မတ အလက်ဆန်းဒါး လူကာရှန်ကိုက ပိုလန်နိုင်ငံနဲ့ နယ်နိမိချင်းထိစပ်နေတဲ့ ဘီလာရုစ်နိုင်ငံ ဘက်အခြမ်းမှာ နျူးကလီးယားလက်နက်တွေ ထားရှိဖို့ ကာလအတန်ကြာ တင်ပြလာခဲ့တာလို့ ပူတင်က နိုင်ငံပိုင်ရုပ်သံကို ပြောပါတယ်။
“နျူးကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ နိုင်ငံတကာ တာဝန်ဝတ္တရားအပေါ်မှာ ချိုးဖောက် မှုမရှိဘဲ ဒီအစီအစဉ်အတိုင်း လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ကျနော်တို့ကြားမှာလည်း ဝတ္တရားဖောက်ဖျက်မှု မရှိဘူးဆိုတာကို အလေးပေးပြောကြားလိုပါတယ်” လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။။
ဘီလာရုစ်နိုင်ငံမှာ နျူးကလီးယားလက်နက်တွေ သိုလှောင်ထားမယ့် အဆောက်အအုံ တည်ဆောက်မှုကို ဇူလိုင် ၁ ရက်မှာ ရုရှားက အပြီးသတ်မှာဖြစ်ပြီး ဒီ လက်နက်ထိန်းချုပ်မှုကို တော့ ဘီလာရုစ်နိုင်ငံဆီ လွှဲပြောင်းပေးမှာမဟုတ်ဘူးလို့ ပူတင်က ဖြည့်စွက်ပြောပါတယ်။
ရုရှားအနေနဲ့ နျူလက်နက် သယ်ဆောင်နိုင်တဲ့ လေယာဉ် ၁၀ စင်းကို ဘီလာရုစ်နိုင်ငံမှာ နေရာချပြီး ဖြစ်တဲ့အပြင် နျူလက်နက်ပစ်လွှတ်နိုင်တဲ့ အက်စ်ကန်ဒါအမည်ရ နည်းဗျူဟာမြောက် ဒုံးကျည်စနစ်များစွာကိုပါ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ရုရှားသမ္မတက ဆိုပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ တင်းမာမှုမြင့်တက်နေချိန်မှာ ပူတင်က ဒီကိစ္စကို ကြေညာသွားတာပါ။
ရုရှားလေ့လာ သုံးသပ်သူအချို့ကတော့ နျူးကလီးယားတိုက်ခိုက်မှု အလားအလာတွေပေါ်မှာ ထင်ကြေးပေးပြောဆိုတာ တွေလည်း ရှိပါတယ်။