ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ Tu-95MS မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းဟာ ပစိဖိတ်သမုဒ္ဒရာ၊ ဘယ်ရင်ပင်လယ်နဲ့ အာ့ဟို့စ်ခ်ပင်လယ်တို့ကို ၁၂ နာရီကျော်ကြာ ဖြတ်ကျော် ပျံသန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။
ရုရှားဟာ သူ့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေကို မကြာမီ စမ်းသပ်တော့မယ်လို့ မျှော်လင့်ကြောင်း မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) နဲ့ အမေရိကန်တို့က ပြောပြီးတဲ့နောက် ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့ အခိုက်အတန့်မှာ နျူကလီးယားသုံး လေယာဉ်တွေကို စေလွှတ်ပျံသန်းခဲ့တာပါ။
ဒီလေယာဉ်ကို MiG-31 တိုက်လေယာဉ်တွေက ခြံရံပျံသန်းခဲ့ပြီး ဝေဟင်မှာ လောင်စာဆီ ဖြည့်သွင်းခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံတကာလေပိုင်နက် စည်းမျဉ်းတွေနဲ့အညီ ပျံသန်းတဲ့ စစ်ဆင်ရေးကို ကြားနေ ရေပြင်ပေါ်မှာ ပျံသန်းဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။
ဝန်ကြီးဌာနက လမ်းကြောင်းကို မသတ်မှတ်ထားပေမဲ့ အာ့ဟို့စ်ခ်ပင်လယ်နဲ့ ဘယ်ရင်ပင်လယ်ကို ဖြတ်ပြီး ပျံသန်းမယ့်လမ်းကြောင်းဟာ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေ အနားကို ဖြတ်ကျော်ပျံသန်းမှာပါ။
နေတိုးဟာ ခုသီတင်းပတ်အတွင်း နျူကလီးယားပြင်ဆင်ရေး လေ့ကျင့်နေပြီး ရုရှားကတော့ သူ့ကိုယ်ပိုင် နျူကလီးယားလေ့ကျင့်မှုကို မကြာမီ ဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
ရုရှားအစိုးက နျူကလီးယားလေ့ကျင့်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မရှိဘူးလို့ အင်္ဂါနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ရုရှားစစ်ရေးလေ့ကျင့်မှုမှာ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်တာ ပါလာမယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲယာဉ် ၂ စီးဟာ ဘဲလာရုစ်နိုင်ငံပေါ်ကနေ ဖြတ်ကျော် ပျံသန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပြီး လေယာဉ်တွေ ပျံဝဲနေပုံ ရုပ်သံကိုလည်း ထုတ်လွှင့် ဖြန့်ချိလိုက်ပါတယ်။
Tu-22M3 ဗုံးကြဲယာဉ် ၂ စီးဟာ ဘဲလာရုစ်နဲ့ ရုရှားပူးတွဲလေကြောင်း ကာကွယ်ရေးစနစ်ကို စမ်းသပ်ရာမှာ ကူညီပြီး လေပိုင်နက်ထဲမှာ ကင်းလှည့်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဘဲလာရုစ်နဲ့ ပိုလန် ၂ နိုင်ငံကြား နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်ရေး အကြပ်အတည်း ဖြစ်နေချိန်မှာ ခုလို ကင်းလှည့် စစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။