ရုရှားရေတပ်ဟာ လာမယ့်လပိုင်းအတွင်း အသံထက်မြန်တဲ့ ဇာကွန်ခရုဇ်ဒုံးကျည်တွေကို ရမှာဖြစ်ပြီး တပ်ဖြန့်ဧရိယာဟာ ရုရှားအကျိုးစီးပွားအပေါ် မူတည်မယ်လို့ သမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၃၁ ရက်တွင် ပြောလိုက်ပါတယ်။
စိန့်ပီတာ စဘတ်မြို့တော်ဟောင်းမှာကျင်းပတဲ့ ရုရှရဲ့ ရေတပ်နေ့မှာ ပူတင်က ယူကရိန်းအကြောင်း တိုက်ရိုက် မပြောခဲ့ပါဘူး။
ဒါပေမယ့် ရေတပ်အယူဝါဒအသစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အသေးစိတ်အချက်အလက်တွေ ကိုလည်း မထုတ်ပြန်ပါဘူး။
အသံထက်မြန်တဲ့ ဇာကွန်ခရုဇ်ဒုံးကျည်တွေကို ကမ္ဘာပေါ်မှာ ထူးခြားတဲ့ ဒုံးကျည်တွေအဖြစ် ကြွေးကြော်ခဲ့ပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး ဂတ်ရှ်ကို့ဗ်ကို ဖရီးဂိတ်စစ်င်္ဘောဟာ ဒီလက်နက်တွေ တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးတာဝန်ကို ပထမဆုံး ယူရလိမ့်မယ်လို့လည်း ပူတင်က ပြောပါတယ်။
“ကျနော်တို့ရဲ့ အချုပ်အခြာနဲ့ လွတ်လပ်ရေးကို ထိပါးဖို့ ဆုံးဖြတ်တဲ့သူ အားလုံးကို လျှပ်စီးလက်တဲ့ အလျင်နဲ့ တုံ့ပြန်နိုင်စွမ်း ရှိတယ်။ ဒီမှာ အဓိကက ရုရှရေတပ်ရဲ့ စွမ်းဆောင်ရည်ပဲ” လို့ ပူတင်က ပြောပါတယ်။
အသံထက်မြန်တဲ့ လက်နက်တွေဟာ အသံရဲ့အမြန်နှုန်းထက် ကိုးဆပိုမြန်တဲ့ အလျင်နဲ့ ပစ်ခတ်နိုင်ပါတယ်။
ရုရှားဟာ မနှစ်တည်းက စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေဆီကနေ ဇာကွန်ခရုဇ် ဒုံးကျည်တွေကို ပစ်လွှတ်စမ်းသပ် ခဲ့ပါတယ်။
ပြင်သစ်ရေတပ်က ဖရီးဂိတ် စစ်သင်္ဘောတစီးဟာ ဘော့စ်ဖှိုးရပ်စ် ရေလက်ကြားကနေ ပင်လယ်နက်ထဲကို ဝင်လာခဲ့တာကြောင့် ရုရှားရဲ့ ပင်လယ်နက် ရေတပ်သင်္ဘောစုက ခြေရာခံလိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကိုကိုးကားပြီး ရုရှားအခြေစိုက် အင်တာဖက်စ်သတင်းမှာ ဖော်ပြပါတယ်။
ပြင်သစ် စစ်သင်္ဘော The Auvergneက ဘော့စ်ဖှိုးရပ်စ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်ထဲကို သွားနေတာကိုလည်း ဒီဇင်ဘာ ၁၃ ရက်မှာ တွေ့ရပါတယ်။
ယူကရိန်းနိုင်ငံနားမှာ ရုရှားစစ်တပ် အင်အားတိုးချဲ့နေတဲ့အပေါ် အမေရိကန်နဲ့ အနောက်ဥရောပ အစိုးရတွေက စိုးရိမ်ကြောင်း ပြောခဲ့ပြီး အရှေ့နဲ့ အနောက် ဥရောပအကြား တင်းမာမှု မြင့်တက်နေပါတယ်။