ယူကရိန်းမှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (အိုင်စီစီ)က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ပူတင်ဟာ ယူကရိန်းကိုကျူးကျော်တဲ့စစ်ပွဲအတွင်း ကလေးငယ်တွေကို ယူကရိန်းသိမ်းပိုက်နယ်မြေကနေ ရုရှားကို တရားမဝင်ပြန်ပို့တာအပါအဝင် ရုရှားတပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေမှာတာဝန်ရှိသူ ဖြစ်တယ်လို့ အိုင်စီစီတရားရုံးအကြီးအကဲ ပီအိုတာဟော့်မန်စကီးက မတ်လ ၁၇ ရက်မှာ ကြေညာပါတယ်။
အလားတူ ရုရှားကလေးအခွင့်အရေးကော်မရှင်အကြီးအကဲ မာရီရာ အယ်ဗိုဗာ ဘီလိုဗာကိုလည်း အလားတူစွဲချက်နဲ့ပဲ အိုင်စီစီတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
အရပ်သားတွေကို သူတို့နေထိုင်တဲ့နိုင်ငံကနေ တခြားနိုင်ငံဆီပို့တာကို နိုင်ငံတကာဥပဒေအရ တာမြစ်ထားပါတယ်၊ ဂျနီဗာသဘောတူညီချက်အရ ကလေးငယ်တွေကိုအထူး ကာကွယ်ပေးရမှာပါ၊ အိုင်စီစီရဲ့ အရမ်းကိုအရေးကြီးတဲ့ တာဝန်တခုက ထိခိုက်ခံစားရသူတွေကာကွယ်ပေးဖို့ပါ၊ အထူးသဖြင့် ကလေးငယ်တွေကို ကာကွယ်ပေးဖို့ဖြစ်တယ်လို့လည်း အိုင်စီစီတာဝန်ရှိသူက ပြောပါတယ်။
အခုလို ပူတင်ကို ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရတော့ ပယ်ချလိုက်ပြီး အိုင်စီစီရဲ့ ဖမ်းဝရမ်းဟာ တရားမဝင်ကြောင်းနဲ့ လက်မခံကြောင်း တုံ့ပြန်လိုက်ပါတယ်။
ယူကရိန်း သမ္မတ ဇလန်းစကီးကတော့ ဒီလိုဖမ်းဝရမ်းထုတ်တာဟာ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီဆောင်ရွက်ချက်ကနေ သမိုင်းဝင် တာဝန်ယူမှုစတင်မှာဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ အိုင်စီစီရဲ့ ရောမသဘာတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် တကယ့်လက်တွေ့မှာ ပူတင်ကို ဖမ်းဆီးပြီး တရားခုံရုံးမှာ တင်နိုင်မလားဆိုတာကိုတော့ မေးခွန်းထုတ်နေကြပါတယ်။
အိုင်စီစီ တရားခုံရုံးဟာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကျူးလွန်တဲ့ ပုဂ္ဂိုလ်တဦးချင်းကို တရားစီရင်ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။
သမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပြည်ပအန္တရာယ်တွေနဲ့ ပြည်တွင်းက သစ္စာဖောက်တွေရဲ့ရန်ကနေ ကာကွယ်တားဆီးဖို့ ရုရှားလူ့အဖွဲ့အစည်းနဲ့ နိုင်ငံရဲ့နယ်နိမိတ်တွေကို စောင့်ကြည့်မယ့် ထောက်လှမ်းရေးကို အဆင့်မြှင့်ဖို့ ဖက်ဒရယ် လုံခြုံရေးဌာနတွေဆီ အမိန့်ပေးထားပါတယ်။
ခြိမ်းခြောက်မှုအသစ်တွေ ပေါ်ပေါက်လာတာကြောင့် ပိုအားကောင်းတဲ့ ထောက်လှမ်းရေး လုပ်ဆောင်မှုတွေအတွက် လိုအပ်ချက်ကလည်း တိုးလာတယ်လို့ ပူတင်က ဒီဇင်ဘာ ၂၀ ရက်က ရုရှားနိုင်ငံရဲ့ လုံခြုံရေးဌာနများနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တာပါ။
နယ်စပ်ဌာနတွေနဲ့ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) တို့ကနေတဆင့် လုပ်ငန်းဆောင်ရွက်ချက်တွေကို အရှိန်မြှင့်ရမယ်လို့ သူကဆိုပါတယ်။
နယ်စပ်ကိုဖောက်ဖျက်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ရွေ့လျားလှုပ်ရှားတပ်ဖွဲ့တွေနဲ့ အထူးတပ်ဖွဲ့တွေ အပါအဝင် အရှိန်အဟုန်နဲ့ ထိထိရောက်ရောက် ဖြိုခွဲပစ်ရမှာဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။
ဖက်ဒရယ်လုံခြုံရေးဌာန (FSB) အနေနဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်မှု တင်းကျပ်ဖို့၊ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု၊ နည်းပညာနဲ့ ဝန်ထမ်းတွေရဲ့ အလားအလာကို အမြင့်ဆုံးအသုံးချဖို့ ပူတင်က FSB ကို ညွှန်ကြားခဲ့ပါတယ်။
အမြင့်မားဆုံး စိတ်တည်ငြိမ်မှု၊ တပ်ဖွဲ့တွေရဲ့ အာရုံစူးစိုက်မှုကို စစ်ထောက်လှမ်းရေး အပါအဝင် တန်ပြန်ထောက်လှမ်းရေး အေဂျင်စီတွေကနေ အခုလိုအပ်နေပြီလို့ ပူတင်က ပြောပါတယ်။
နိုင်ငံခြားအထူးအဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့၊ သစ္စာဖောက်တွေ၊ သူလျှိုတွေနဲ့ အဖျက်သမားတွေကို အမြန်ဖော်ထုတ်ဖို့ လိုအပ်ကြောင်းလည်း သူကဆိုပါတယ်။
ပူတင်ရဲ့မဟာမိတ် အလက်ဇန္ဒာ ဘော့ထ်နီကော့ဗ် ဦးဆောင်တဲ့ FSB ဟာ လူအုပ်စုဝေးမှုတွေ၊ ဗျူဟာမြောက် အဆောက်အအုံတွေနဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအပေါ် ကြီးကြပ်မှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ရုရှားမှာ ဆန္ဒပြမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကို အရှိန်အဟုန်နဲ့ ချေမှုန်းခဲ့တာဖြစ်ပြီး ပူတင်ရဲ့ စစ်အင်အား ၃၀၀,၀၀၀ ဆင့်ခေါ်တာကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေမှာ စက်တင်ဘာလက လူ ၁,၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ယူကရိန်း ပဋိပက္ခဟာ ချောချောမွေ့မွေ့ မဖြစ်ခဲ့ကြောင်း ရှားရှားပါးပါး ဝန်ခံထားချက်ထဲမှာ ပူတင်က စက်တင်ဘာလတုန်းက ယူကရိန်းရဲ့ ဒေသတွေကို မော်စကိုထဲ ထည့်သွင်းခဲ့တဲ့ အခြေအနေတွေက အရမ်းခက်ခဲခဲ့ပြီး အဲဒီဒေသမှာ နေထိုင်သူတွေရဲ့ “ဘေးကင်းရေး” ကို သေချာအောင်လုပ်ဖို့ FSB ကို အမိန့်ပေးခဲ့ပါတယ်။