close

ထောက်လှမ်းရေးကို အဆင့်မြှင့်ရန် ရုရှားသမ္မတပူတင် အမိန့်ပေး

သမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပြည်ပအန္တရာယ်တွေနဲ့ ပြည်တွင်းက သစ္စာဖောက်တွေရဲ့ရန်ကနေ ကာကွယ်တားဆီးဖို့ ရုရှားလူ့အဖွဲ့အစည်းနဲ့ နိုင်ငံရဲ့နယ်နိမိတ်တွေကို စောင့်ကြည့်မယ့် ထောက်လှမ်းရေးကို အဆင့်မြှင့်ဖို့ ဖက်ဒရယ် လုံခြုံရေးဌာနတွေဆီ အမိန့်ပေးထားပါတယ်။

ခြိမ်းခြောက်မှုအသစ်တွေ ပေါ်ပေါက်လာတာကြောင့် ပိုအားကောင်းတဲ့ ထောက်လှမ်းရေး လုပ်ဆောင်မှုတွေအတွက် လိုအပ်ချက်ကလည်း တိုးလာတယ်လို့ ပူတင်က ဒီဇင်ဘာ ၂၀ ရက်က ရုရှားနိုင်ငံရဲ့ လုံခြုံရေးဌာနများနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တာပါ။

နယ်စပ်ဌာနတွေနဲ့ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) တို့ကနေတဆင့် လုပ်ငန်းဆောင်ရွက်ချက်တွေကို အရှိန်မြှင့်ရမယ်လို့ သူကဆိုပါတယ်။

နယ်စပ်ကိုဖောက်ဖျက်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ရွေ့လျားလှုပ်ရှားတပ်ဖွဲ့တွေနဲ့ အထူးတပ်ဖွဲ့တွေ အပါအဝင် အရှိန်အဟုန်နဲ့ ထိထိရောက်ရောက် ဖြိုခွဲပစ်ရမှာဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

ဖက်ဒရယ်လုံခြုံရေးဌာန (FSB) အနေနဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်မှု တင်းကျပ်ဖို့၊ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု၊ နည်းပညာနဲ့ ဝန်ထမ်းတွေရဲ့ အလားအလာကို အမြင့်ဆုံးအသုံးချဖို့ ပူတင်က FSB ကို ညွှန်ကြားခဲ့ပါတယ်။

အမြင့်မားဆုံး စိတ်တည်ငြိမ်မှု၊ တပ်ဖွဲ့တွေရဲ့ အာရုံစူးစိုက်မှုကို စစ်ထောက်လှမ်းရေး အပါအဝင် တန်ပြန်ထောက်လှမ်းရေး အေဂျင်စီတွေကနေ အခုလိုအပ်နေပြီလို့ ပူတင်က ပြောပါတယ်။

နိုင်ငံခြားအထူးအဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့၊ သစ္စာဖောက်တွေ၊ သူလျှိုတွေနဲ့ အဖျက်သမားတွေကို အမြန်ဖော်ထုတ်ဖို့ လိုအပ်ကြောင်းလည်း သူကဆိုပါတယ်။

ပူတင်ရဲ့မဟာမိတ် အလက်ဇန္ဒာ ဘော့ထ်နီကော့ဗ် ဦးဆောင်တဲ့ FSB ဟာ လူအုပ်စုဝေးမှုတွေ၊ ဗျူဟာမြောက် အဆောက်အအုံတွေနဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအပေါ် ကြီးကြပ်မှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ရုရှားမှာ ဆန္ဒပြမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကို အရှိန်အဟုန်နဲ့ ချေမှုန်းခဲ့တာဖြစ်ပြီး ပူတင်ရဲ့ စစ်အင်အား ၃၀၀,၀၀၀ ဆင့်ခေါ်တာကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေမှာ စက်တင်ဘာလက လူ ၁,၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ယူကရိန်း ပဋိပက္ခဟာ ချောချောမွေ့မွေ့ မဖြစ်ခဲ့ကြောင်း ရှားရှားပါးပါး ဝန်ခံထားချက်ထဲမှာ ပူတင်က စက်တင်ဘာလတုန်းက ယူကရိန်းရဲ့ ဒေသတွေကို မော်စကိုထဲ ထည့်သွင်းခဲ့တဲ့ အခြေအနေတွေက အရမ်းခက်ခဲခဲ့ပြီး အဲဒီဒေသမှာ နေထိုင်သူတွေရဲ့ “ဘေးကင်းရေး” ကို သေချာအောင်လုပ်ဖို့ FSB ကို အမိန့်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up