close

ရုရှားသံတမန်

close

April 24, 2023

ရုရှားက ဂျာမနီသံတမန် အယောက် ၂၀ ကျော်ကို နှင်ထုတ်

ရုရှားနိုင်ငံကနေ ဂျာမနီနိုင်ငံရဲ့ သံတမန် အယောက် ၂၀ ကျော်ကို နှင်ထုတ်လိုက်ပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဧပြီ ၂၂ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

ဒါဟာ ဂျာမနီနိုင်ငံကနေ ရုရှားသံတမန်တွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်လက်တုံ့ပြန်မှုဖြစ်တယ်လို့ သိရပါတယ်။

ဂျာမနီနိုင်ငံရှိ ရုရှားသံတမန်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ဝန်ထမ်းအများအပြားကို နောက်တကြိမ် နှင်ထုတ်ခဲ့တဲ့အပေါ်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချ ပြောဆိုခဲ့ပြီး မကြာခင်မှာပဲ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။

“ရုရှားနဲ့ ဂျာမနီနိုင်ငံကြားက ဆက်ဆံရေးဆိုင်ရာ အခင်းအကျင်းတခုလုံးကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးနေတဲ့ ဘာလင်ရဲ့လုပ်ရပ်တွေအပေါ်မှာ အပြင်းအထန် ရှုတ်ချပါတယ်” ဆိုပြီး  ပြီးခဲ့တဲ့ စနေနေ့က ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံရှိ ဂျာမနီသံတမန်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ဝန်ထမ်းတွေရဲ့  အများဆုံး အရေအတွက်ကိုပါ သိသိသာသာ ကန့်သတ်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဧပြီ ၅ ရက်နေ့မှာ ဂျာမနီသံအမတ်ကြီး ဂျီဇာ အန်ဒရီးရက်စ် ဗွန်ဂိုင်းရာကို တရားဝင် အသိပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောပါတယ်။

ဂျာမနိုင်ငံဘက်ကတော့ နိုင်ငံတွင်းကနေ ကိုယ်တိုင်နှင်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး အတည်ပြုခြင်း မရှိသေးပေမဲ့ ဘာလင်မြို့ကို ရုရှားအစိုးရပိုင် လေယာဉ်တစီး ရောက်ရှိလာတာဟာ ဒီပြဿနာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံရဲ့ Bild နေ့စဉ်သတင်းစာမှာ မော်စကိုမြို့မှာ ကျန်ရှိနေသေးတဲ့ ဂျာမနီသံတမန် အယောက် ၉၀ ထဲက ၃၄ ဦးကို ရုရှားနိုင်ငံကနေ ထွက်ခွာသွားဖို့ ညွှန်ကြားထားတယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

9 hours Ago

February 4, 2023

ရုရှားသံတမန် ၄ ဦးကို သြစတြီးယားနိုင်ငံက နှင်ထုတ်

နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ မကိုက်ညီတဲ့ အပြုအမူတွေကြောင့်  ရုရှားသံတမန် လေးယောက်ကို နိုင်ငံကနေနှင်ထုတ်လိုက်ကြောင်း သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ရက်က ပြောပါတယ်။ 

သြစတြီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှာ နေထိုင်တဲ့ သံတမန် ၄ ဦးထဲက ၂ ဦးကို ကြိုဆို လက်ခံခြင်း မရှိတဲ့ ပုဂ္ဂိုလ်တွေလို့ ကြေညာခဲ့ပြီး သူတို့ကို ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထားပြီး နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။ 

ကျန် ၂ ဦးကတော့ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားမစ်ရှင်မှာ လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ရုရှားသံရုံးမှ သံတမန် နှစ်ဦးဟာ သူတို့ရဲ့သံတမန် အဆင့်အတန်းနဲ့ မကိုက်ညီတဲ့ အပြုအမူတရပ်ကို လုပ်ဆောင်ခဲ့ကြောင်းနဲ့ ကုလသမဂ္ဂဆိုင်ရာ ရုရှားမစ်ရှင်မှာ လုပ်နေတဲ့ ၂ ယောက်ကတော့ ကုလသမဂ္ဂနဲ့ သြစတြီးယားနိုင်ငံတို့အကြားက အိမ်ရှင်နိုင်ငံ သဘောတူညီချက်နဲ့မကိုက်ညီတဲ့ နည်းလမ်းကို ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ရုရှားသံတမန်တွေဟာ ဘာတွေလုပ်ခဲ့တယ် ဆိုတာကို ဝန်ကြီးဌာနက မဖော်ပြဘဲ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ 

ရုရှားသံရုံးက မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပါဘူး။ ဒီကိစ္စမှာ သူလျှိုလုပ်ခြင်း ပါဝင်နေတယ်လို့ အမည်မဖော်လိုသူ အရာရှိတွေက ပြောပါတယ်။

တခြားဥရောပနိုင်ငံတွေကလည်း ရုရှားတွေကို နှင်ထုတ်ချိန်တုန်းက ပြီးခဲ့တဲ့ ဧပြီလက ဩစတြီးယားကနေ နှင်ထုတ်ခံရသူ ၄ ဦးထက် အခုသံတမန်တွေက ရာထူးပိုမြင့်ကြောင်း အရာရှိတယောက်က ပြောပါတယ်။ 

နှင်ထုတ်ခံရသူတွေထဲမှာ သံအမတ် တစ်ယောက်မှ မပါကြောင်းလည်း ပြောပါတယ်။ အခုလုပ်ဆောင်ချက်ကြောင့် ၂၀၂၀ ခုနှစ်ကတည်းက သြစတြီးယားကနေ နှင်ထုတ်ခဲ့တဲ့ ရုရှားသံတမန် အရေအတွက် ၉ ဦး ရှိသွားပါပြီ။  

၂၀၂၀ ပြည့်နှစ်သြဂုတ်လတုန်းက နှင်ထုတ်ခံရတဲ့ ရုရှားသံတမန်တစ်ဦးဟာ စီးပွားရေး သူလျှိုကိစ္စ ဖြစ်ကြောင်း ဩစတြီးယားမီဒီယာက ပြောပါတယ်။ 

3 months Ago
Up