ရုရှားအတိုက်အခံနိုင်ငံရေးသမား အီလ်ယာယာရှင်ဟာ ရုရှားစစ်တပ်အကြောင်း သတင်းမှား ဖြန့်ဝေတယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာ ၉ ရက်မှာ တရားရုံးက ထောင်ဒဏ် ၈ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။
အစိုးရရှေ့နေတွေကတော့ မော်စကိုခရိုင်ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ယာရှင်ကို ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်ဖို့ ကြိုးပမ်းခဲ့တာပါ။
ယာရှင်ဟာ ပြီးခဲ့တဲ့ ဧပြီလက ထွက်ရှိလာခဲ့တဲ့ ယူကျု့ဗီဒီယိုတစ်ခုအတွင်း ကိဗ်မြို့အနီးက ယူကရိန်းပိုင် ဘူချာမြို့မှာ ရုရှားရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေနဲ့ ပက်သက်လို့ အနောက်တိုင်းသတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ သက်သေအထောက်အထားတွေအပေါ် ပါဝင်ဆွေးနွေးခဲ့တာကြောင့် ဖြစ်ပါတယ်။
ရုရှားရဲ့တရားဝင်တင်ဆက်မှုမှာတော့ ဒီသတင်းတွေဟာ ရုရှားအပေါ် ရန်စဖို့သက်သက် လုပ်ကြံဖန်တီးထားတာသာဖြစ်တယ်လို့ ဆိုတာကြောင့် သံသယပွားစရာ ဖြစ်လာခဲ့ပါတယ်။
ရုရှားကတော့ ဖေဖော်ဝါရီ ၂၄ ရက်က တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ယူကရိန်းဆီ စေလွှတ်ခဲ့ပြီးနောက် စစ်တပ်နဲ့ပက်သက်တဲ့ သတင်းမှားတွေဖြန့်ဖြူးရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ ဥပဒေသစ်တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။
ယာရှင်ဟာ ၂၀၁၁-၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကရင်မလင်ဆန့်ကျင်ရေး ဆန္ဒပြလှိုင်းတွေမှာ လူသိများထင်ရှားလာခဲ့တာပါ။
၂၀၁၇ ခုနှစ်မှာလည်း မော်စကိုခရိုင်ရဲ့ ရွေးကောက်ခံ ကောင်စီအကြီးအကဲဖြစ်လာခဲ့သလို ယာရှင်ဟာ အထက်ကို ရာထူးတိုးဖို့ နောက်တဆင့်တိုင်းမှာ အကြိမ်ကြိမ်ပိတ်ပင်ခံခဲ့ရပါတယ်။
ရုရှားအတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ်၊ ယဲကာ့ထရင်ဘုဂ် မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ ယေဗ်ဂီးနီး ရွိုက်ဇ်မန်းဟာ ရုရှားစစ်တပ်ကို ဂုဏ်အသရေပျက်စေမှု စွပ်စွဲချက်တွေ ရင်ဆိုင်ဖို့ ဩဂုတ် ၂၅ ရက်က တရားရုံးကို ရောက်ရှိလာပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကို ရုရှားကျူးကျော်စစ်နောက်ပိုင်း စွပ်စွဲခံခဲ့ရတဲ့ ဒီပြစ်မှုအတွက် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်တာပါ။
တရားရုံးအဆောက်အအုံမှာ ရွိုက်ဇ်မန်းကို ထောက်ခံသူတွေက ‘လွတ်လပ်ရေး’ လို့ အော်ဟစ်ပြီး ကြိုဆိုခဲ့ကြပါတယ်။သူ့ကို လက်ထိတ်ခတ်ပြီး တရားရုံးထဲကို ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။
တရားစွဲဆိုမှုအရ ရွိုက်ဇ်မန်းရဲ့ အမှုကိစ္စဟာ YouTube မှာ ပြုလုပ်တဲ့ အမေးအဖြေကဏ္ဍကို အဓိကထားတာဖြစ်ပြီး ရွိုက်ဇ်မန်းရဲ့ ရှေ့နေဟောင်းကတော့ ဒီအမှုဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်တယ်လို့ အမှုကြားနာခြင်း မပြုခင် တရားရုံးအပြင်ဘက်မှာ ပြောဆိုခဲ့ပါတယ်။