ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆပ်ရိုးကျချောင်းအတွင်း ဝင်ရောက်လာတဲ့ မော်တော်ဘုတ်တွေကို တစီးလျှင် ကျပ် ၅၀,၀၀၀ စစ်ကောင်စီရေတပ်ကို ဆက်ကြေးပေးနေရအတွက် အခက်တွေ့နေကြတယ်လို့ စက်လှေသမားတွေက ပြောပါတယ်။
ပေါက်တောမှ မော်တော်ဘုတ်သမားတဦးက “စစ်တွေ ဆပ်ရိုးကျချောင်း အဝင်ဝမှာ ရပ်ထားတဲ့ နေဗီက မော်တော်ဘုတ်တစီးကို ငွေငါးသောင်းစီ ကောက်စားနေတာ။ ကျနော်တို့ မော်တော်ဘုတ်သမားတွေက ဆီစျေးကလည်း တက်နေတယ်၊ ခရီးသည်တွေကလည်း နည်းနေတယ်။ သူတို့ကိုလည်း ငွေငါးသောင်းစီ ပေးနေရတော့ အတော်လေး အခက်အခဲ တွေ့နေရပါတယ်” လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြား စတဲ့မြို့နယ်တွေကနေ စစ်တွေမြို့ကို ဝင်လာတဲ့ မော်တော်ဘုတ်တွေဟာ စစ်တွေ ဆပ်ရိုးကျချောင်းအဝင်ဝမှာ ရပ်တန့်နေတဲ့ စစ်ကောင်စီရေတပ်ကို စက်လှေတစီး ငွေငါးသောင်းကျပ်စီ ပေးဆောင်နေကြရတာပါ။
စစ်တွေမြို့ ဆပ်ရိုးကျချောင်းအဝင်ဝမှာ ရပ်တန့်ထားတဲ့ စစ်ကောင်စီရေတပ်ကို အရင်က မော်တော်ဘုတ်တစီး ၁ သိန်းအထိပေးခဲ့ရပြီး အပစ်အခတ်ရပ်စဲပြီးနောက် မော်တော်ဘုတ်တစီးကို ၅၀,၀၀၀ ကျပ် ပေးနေရတာဖြစ်ပြီး စစ်တွေမှအထွက် မော်တော်ဘုတ်တွေ ကုန်စည်တွေ တင်ဆောင်လာပါက ကုန်တန်ဖိုးကို ရာခိုင်နှုန်းနဲ့ ပေးဆောင်နေကြရတယ်လို့ စစ်တွေမြို့မှ မော်တော်ဘုတ်သမားတွေက ပြောပါတယ်။
“ကျနော်တို့ အရင်က မော်တော်ဘုတ်တစီး စစ်တွေ ဆပ်ရိုးကျချောင်းကို ဝင်လာတာနဲ့ နေဗီကို ၁ သိန်းစီပေးရတယ်။ အခု အပစ်ရပ်တော့မှ တစီးကို ၅၀,၀၀၀ ပေးနေရတာ။ စစ်တွေက ကုန်တွေတင်ပြီး အထွက်မှာ တင်လာတဲ့ကုန်တန်ဖိုးရဲ့ ရာခိုင်နှုန်းအလိုက် ပေးနေကြရတုန်းပါ။”
အလားတူ စစ်တွေမြို့နဲ့ ပေါက်တောကြားရှိ တောင်ဖူးချောင်းအထွက်ဝမှာလည်း စစ်ကောင်စီရေတပ်က မြင်တွေ့သမျှ မော်တော်ဘုတ်တွေကို လိုက်လံငွေတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံ မော်တော်ဘုတ်သမားတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ် ချောင်းထဲမှာ ခုတ်မောင်းနေတဲ့ စစ်ကောင်စီရေတပ် ဇက်ရေယာဉ်တစီးကို ရက္ခိုင်တပ်တော် (အေအေ) က စက်တင်ဘာ ၁၆ ရက် နေ့လယ်တနာရီကျော်လောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်သွားပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။
“တောင်ကုတ်မြို့စွန်က သင်္ဘောဆိပ်ကနေ စစ်ပစ္စည်းတွေတင်ပြီး ထွက်ခွာလာတဲ့ ရေတပ်က ဇက်ရေယာဉ်ပါ။ အေအေက တောင်ထက်က လက်နက်ကြီးနဲ့ပစ်တာ။ သင်္ဘောမှာထိတော့ သင်္ဘောကနေလည်း ပစ်တာ။ အပြန်အလှန်ပစ်ကြတာ။”
တောင်ကုတ်မြို့နဲ့ တမိုင်ကျော်လောက်အကွာရှိ ရွှေလင်းယုန်သင်္ဘောဆိပ်ကမ်းမှ စစ်သားတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ၊ ရိက္ခာတွေတင်ဆောင်ပြီး တောင်ကုတ်ချောင်းအတိုင်း ထွက်ခွာလာတဲ့ ရေတပ်ဇက်ရေယာဉ်ကို အေအေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရေတပ် ဇက်ရေယာဉ် ထိမှန်တဲ့အတွက် နာရီဝက်လောက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြတာပါ။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေသလို အာဏာသိမ်းစစ်တပ်က ဒီရက်ပိုင်းအတွင်း ရေလမ်းကြောင်းကနေပြီး စစ်အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နေတာကြောင့် အေအေဘက်က အခုလို တိုက်ခိုက်ရတာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
“တိုက်ရမှာပဲလေ။ ဇက်မပြောနဲ့ လေယာဉ်ကိုလည်း ပစ်ရမှာပဲ။ ရခိုင်ပြည်ကို စစ်အင်အား အလုံးအရင်း တိုးချနေတာက စစ်ကောင်စီလေ။ သူတို့တိုးချချင်သလောက် ချနေတာကို လက်ပိုက်ကြည့်နေလို့ မရဘူးလေ။ ကြားဖြတ်တိုက်တဲ့သဘောပါ။”
စစ်တွေမြို့မှ ဘူးသီးတောင်မြို့ကို ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ ပြည်တွင်းရေကြောင်းပိုင် အောင်ကျော်မိုး သင်္ဘောကို ရက္ခိုင့်တပ်တော် (အေအေ) က တရက်ကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကုန်သည်တွေထံက သိရပါတယ်။