close

စစ်တွေတွင် စစ်ကောင်စီရေတပ်က မော်တော်ဘုတ်တစီးလျှင် ကျပ်ငွေ ၅၀,၀၀၀ ဆက်ကြေး တောင်းနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆပ်ရိုးကျချောင်းအတွင်း ဝင်ရောက်လာတဲ့ မော်တော်ဘုတ်တွေကို တစီးလျှင် ကျပ်  ၅၀,၀၀၀ စစ်ကောင်စီရေတပ်ကို ဆက်ကြေးပေးနေရအတွက် အခက်တွေ့နေကြတယ်လို့ စက်လှေသမားတွေက ပြောပါတယ်။

ပေါက်တောမှ မော်တော်ဘုတ်သမားတဦးက “စစ်တွေ ဆပ်ရိုးကျချောင်း အဝင်ဝမှာ ရပ်ထားတဲ့ နေဗီက မော်တော်ဘုတ်တစီးကို ငွေငါးသောင်းစီ ကောက်စားနေတာ။ ကျနော်တို့ မော်တော်ဘုတ်သမားတွေက ဆီစျေးကလည်း တက်နေတယ်၊ ခရီးသည်တွေကလည်း နည်းနေတယ်။ သူတို့ကိုလည်း ငွေငါးသောင်းစီ ပေးနေရတော့ အတော်လေး အခက်အခဲ တွေ့နေရပါတယ်” လို့ ​ပြောပါတယ်။

ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြား စတဲ့မြို့နယ်တွေကနေ စစ်တွေမြို့ကို ဝင်လာတဲ့ မော်တော်ဘုတ်တွေဟာ စစ်တွေ ဆပ်ရိုးကျချောင်းအဝင်ဝမှာ ရပ်တန့်နေတဲ့ စစ်ကောင်စီရေတပ်ကို စက်လှေတစီး ငွေငါးသောင်းကျပ်စီ ပေးဆောင်နေကြရတာပါ။

စစ်တွေမြို့ ဆပ်ရိုးကျချောင်းအဝင်ဝမှာ ရပ်တန့်ထားတဲ့ စစ်ကောင်စီရေတပ်ကို အရင်က မော်တော်ဘုတ်တစီး ၁ သိန်းအထိပေးခဲ့ရပြီး အပစ်အခတ်ရပ်စဲပြီးနောက် မော်တော်ဘုတ်တစီးကို ၅၀,၀၀၀ ကျပ် ပေးနေရတာဖြစ်ပြီး စစ်တွေမှအထွက် မော်တော်ဘုတ်တွေ ကုန်စည်တွေ တင်ဆောင်လာပါက ကုန်တန်ဖိုးကို ရာခိုင်နှုန်းနဲ့ ပေးဆောင်နေကြရတယ်လို့ စစ်တွေမြို့မှ မော်တော်ဘုတ်သမားတွေက ပြောပါတယ်။

“‌ကျနော်တို့ အရင်က မော်တော်ဘုတ်တစီး စစ်တွေ ဆပ်ရိုးကျချောင်းကို ဝင်လာတာနဲ့ နေဗီကို ၁ သိန်းစီပေးရတယ်။ အခု အပစ်ရပ်တော့မှ တစီးကို ၅၀,၀၀၀ ပေးနေရတာ။ စစ်တွေက ကုန်တွေတင်ပြီး အထွက်မှာ တင်လာတဲ့ကုန်တန်ဖိုးရဲ့ ရာခိုင်နှုန်းအလိုက် ပေးနေကြရတုန်းပါ။”

အလားတူ စစ်တွေမြို့နဲ့ ပေါက်တောကြားရှိ တောင်ဖူးချောင်းအထွက်ဝမှာလည်း စစ်ကောင်စီရေတပ်က မြင်တွေ့သမျှ မော်တော်ဘုတ်တွေကို လိုက်လံငွေတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံ မော်တော်ဘုတ်သမားတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up