close

ရေနံသိုလှောင်ကန်

close

December 7, 2022

ယူကရိန်းနယ်စပ်ရှိ ရုရှားလေယာဉ်ကွင်းနှင့် ရေနံသိုလှောင်ကန် မီးရှို့ တိုက်ခိုက်ခံရ

ယူကရိန်းနယ်စပ်မှာရှိတဲ့ ရုရှားနိုင်ငံ ကုရ်စ်ခ်ဒေသထဲက လေယာဉ်ကွင်းတခုကို မောင်းသူမဲ့ လေယာဉ်တစီးက တိုက်ခိုက်ခဲ့ပြီး ရေနံသိုလှောင်ကန်ကို မီးရှို့ခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။

ကုရ်စ်ခ်ဒေသ လေယာဉ်ကွင်းကို တိုက်ခိုက်မှုအပြီးမှာ သူတို့ပြောခဲ့တဲ့ ရုပ်သံဖိုင်ကို ရုရှားမီဒီယာတွေက ပြသခဲ့ပါတယ်။

တည်နေရာ၊ မြေပြင်အနေအထား၊ အဆောက်အဦတွေနဲ့ အနက်ရောင်မီးခိုးငွေ့တွေက လေယာဉ်ပြေးလမ်းနဲ့ လေဆိပ်အဆောက်အအုံတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ အထောက်အထား ရုပ်သံဗွီဒီယိုနဲ့ ကိုက်ညီတယ်လို့ ရိုက်တာသတင်းဌာနက အတည်ပြုထားပါတယ်။

“အသေအပျောက်တော့ မရှိပါဘူး။ အရေးပေါ်ဌာနတွေအားလုံး အခင်းဖြစ်ရာနေရာမှာ အလုပ်လုပ်နေပါတယ်” လို့ အုပ်ချုပ်ရေးမှူး ရိုမန် စတာရိုဗို့ထ်က တယ်လီဂရမ်မှာ ပြောခဲ့ပါတယ်။

ဒေသတွင်းမှာ “အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မရှင်” အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သူက နောက်ပိုင်းမှာ ပြောပါတယ်။ ဒီအဖြစ်အပျက်အတွက် ဘယ်သူက တာဝန်ရှိတယ်လို့ မပြောခဲ့ပါဘူး။

လက်ရှိမှာ မီးသတ်သမားတွေက စတုရန်းမီတာ ၅၀၀ ကျယ်ဝန်းတဲ့ မီးလောင်ကျွမ်းမှုကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ရီယာသတင်းဌာနက ဖော်ပြပါတယ်။

ကုရ်စ်ခ်မြို့ဟာ ယူကရိန်းနယ်စပ်ကနေ ၆၂ မိုင်အကွာမှာ ရှိပါတယ်။ ယူကရိန်းကနေ မိုင်ရာနဲ့ချီဝေးတဲ့ လေတပ်စခန်းနှစ်ခုကို ထိမှန်ခဲ့တဲ့ တနင်္လာနေ့က တိုက်ခိုက်မှု အပါအဝင် ရုရှားပိုင်နက်အတွင်း မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာတွေကို ယူကရိန်းက လုပ်ခဲ့တယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။

10 mins Ago

March 26, 2022

ဆော်ဒီ ရေနံသိုလှောင်ကန်ကို ဟူသီသူပုန်များ ဒရုန်းဖြင့် တိုက်ခိုက်

ယူမင်နိုင်ငံမှ ဟူသီသူပုန်တွေက ဆော်ဒီပိုင် ရေနံသိုလှောင်ကန်တွေကို  မတ်လ ၂၆ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပါတယ်။ 

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါဆိပ်ကမ်းမြို့ရှိ အရမ်ကို (Aramco) ရေနံကုမ္ပဏီပိုင် သိုလှောင်ကန်နှစ်ခု ထိမှန်ပြီး မီးလောင်သွားတယ်လို့ ဆော်ဒီဦးဆောင်ညွန့်ပေါင်းတပ်ဖွဲ့ကလည်း အတည်ပြု ပြောပါတယ်။ 

မီးခိုးလုံးတွေ မှောင်မည်းတက်တာကို ပင်လယ်နီဘက်က လှမ်းမြင်နေတာပါ။ နာရီအတန်ကြာ ငြှိမ်းသတ်ခဲ့ပြီး ထိန်းနိုင်သွားတယ်လို့လည်း ညွှန့်ပေါင်းတပ်က ပြောပါတယ်။

ကမ္ဘာ့ရေနံအများဆုံးတင်ပို့တဲ့ ဆော်ဒီအာရေဗျက ညွန့်ပေါင်းတပ်ဖွဲ့ဟာ အီရန်ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီသူပုန်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတာပါ။

ဟူသီစစ်ရေးပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက သောကြာနေ့မှာ ဂျက်ဒါမြို့ရှိ ရေနံသိုလှောင်ရုံ၊ တခြားမြို့တွေရှိ ရေနံသန့်စင်စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။  ဆော်ဒီဘက်ကတော့ ဟူသီတို့ရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

9 months Ago
Up