ဆော်ဒီ ရေနံသိုလှောင်ကန်ကို ဟူသီသူပုန်များ ဒရုန်းဖြင့် တိုက်ခိုက်

ယူမင်နိုင်ငံမှ ဟူသီသူပုန်တွေက ဆော်ဒီပိုင် ရေနံသိုလှောင်ကန်တွေကို မတ်လ ၂၆ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါဆိပ်ကမ်းမြို့ရှိ အရမ်ကို (Aramco) ရေနံကုမ္ပဏီပိုင် သိုလှောင်ကန်နှစ်ခု ထိမှန်ပြီး မီးလောင်သွားတယ်လို့ ဆော်ဒီဦးဆောင်ညွန့်ပေါင်းတပ်ဖွဲ့ကလည်း အတည်ပြု ပြောပါတယ်။
မီးခိုးလုံးတွေ မှောင်မည်းတက်တာကို ပင်လယ်နီဘက်က လှမ်းမြင်နေတာပါ။ နာရီအတန်ကြာ ငြှိမ်းသတ်ခဲ့ပြီး ထိန်းနိုင်သွားတယ်လို့လည်း ညွှန့်ပေါင်းတပ်က ပြောပါတယ်။
ကမ္ဘာ့ရေနံအများဆုံးတင်ပို့တဲ့ ဆော်ဒီအာရေဗျက ညွန့်ပေါင်းတပ်ဖွဲ့ဟာ အီရန်ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီသူပုန်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတာပါ။
ဟူသီစစ်ရေးပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက သောကြာနေ့မှာ ဂျက်ဒါမြို့ရှိ ရေနံသိုလှောင်ရုံ၊ တခြားမြို့တွေရှိ ရေနံသန့်စင်စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဆော်ဒီဘက်ကတော့ ဟူသီတို့ရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။