မက္ကဆီကိုနိုင်ငံပိုင် ရေနံကုမ္ပဏီပီးမက်စ်က ပိုင်ဆိုင်တဲ့ ပိုက်လိုင်းဟာ ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက မက္ကဆီကိုအရှေ့ပိုင်းမှာ ပေါက်ကွဲခဲ့ပါတယ်။
ဗီရာခရုဇ်ပြည်နယ်ထဲက အစ်ခ်ဟွာလ်တာမြို့ရှိ ပီးမက်စ် ရေနံသိုလှောင်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။
မျက်မြင်သက်သေ ဗီဒီယိုတခုမှာတော့ အနက်ရောင် မီးခိုးလုံး တိမ်တိုက်ကြီးတခုဟာ လေထဲကို တက်လာပြီးတော့ မိုင်ပေါင်းများစွာ အကွာအဝေးကနေတောင် မြင်တွေ့နိုင်ပါတယ်။
ပြည်နယ်နဲ့ စည်ပင်သာယာရေး အရပ်ဘက် အကာအကွယ်ပေးရေး တာဝန်ရှိသူတွေဟာ အရေးပေါ်အခြေအနေကို လုပ်ဆောင်ဖို့ ရေနံကုမ္ပဏီရဲ့ အဆောက်အဦတွေကို ရောက်ရှိလာခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်မှာ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် အသေအပျောက် မရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက အတည်ပြု ပြောဆိုခဲ့ပါတယ်။
ကျူးဘားနိုင်ငံ မာတန်ဇာပြည်နယ်မှာ မိုးကြိုးပစ်ချရာကနေ စူပါရေနံတင်သင်္ဘောဆိပ်ကမ်းမှ ရေနံသိုလှောင်ရုံ ၃ ရုံ မီးလောင်သွားတာကြောင့် မီးသတ်သမားတဦး သေဆုံးပြီး ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
သြဂုတ် ၅ ရက်က မိုးကြိုးပစ်မှုကြောင့် ဟာဗားနားမြို့အရှေ့ဘက် မိုင် ၆၀ အကွာရှိ မာတန်ဇာ ရေနံတင်သင်္ဘောဆိပ်ကမ်းကြီးက သိုလှောင်ကန် ၈ ခုထဲက တခုကို မီးစလောင်ခဲ့ပါတယ်။ သြဂုတ် ၆ ရက်မှာ ဒုတိယမြောက် ရေနံတိုင်ကီ ဆက်လက်လောင်ကျွမ်းခဲ့ပါတယ်။ သြဂုတ် ၇ ရက် နှောင်းပိုင်းမှာတော့ ဒုတိယရေနံစိမ်းတိုင်ကီကနေ မီးကူးစက်ပျံ့နှံ့ပြီး တတိယမြောက် ရေနံစိမ်းတိုင်ကီကို မီးဆက်လောင်ခဲ့ရာကနေ ပြိုကျခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက သြဂုတ် ၈ ရက်မှာ ပြောပါတယ်။
စတုတ္ထမြောက် ရေနံတိုင်ကီလည်း မီးကူးစက်ခံရမယ့် အန္တရာယ် ရှိနေပေမဲ့ ခုထိတော့ မလောင်ကျွမ်းသေးပါဘူး။
ရေနံစိမ်းဆီတိုင်ကီ မီးလောင်ရာကနေ လေထုညစ်ညမ်းမှုကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး လေဟာပြင်မှာ မျက်နှာဖုံးတွေ ဝတ်ဆင်ထားကြဖို့ ကျန်းမာရေးအာဏာပိုင်တွေက ဒေသခံတွေကို သြဂုတ် ၈ ရက်မှာ သတိပေးထားပါတယ်။
မိုးရေထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်နိုင်တာကြောင့် လေထုညစ်ညမ်းမှုဒဏ် ခံရတဲ့နေရာတွေမှာ မိုးရေစိုမခံကြဖို့ ပြည်သူတွေကို ညွှန်ကြားထားကြောင်း မာတန်ဇာပြည်နယ် ကျန်းမာရေးညွှန်ကြားရေးမှူး လူးဝစ္စ အာမန်ဒို ဝေါင်က နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့ပါတယ်။