ကျူးဘားတွင် ရေနံသိုလှောင်ရုံ ၃ ရုံ မီးလောင်၊ မီးသတ်သမား ၁ ဦး သေဆုံးပြီး ၁၆ ဦးပျောက်ဆုံး

ကျူးဘားနိုင်ငံ မာတန်ဇာပြည်နယ်မှာ မိုးကြိုးပစ်ချရာကနေ စူပါရေနံတင်သင်္ဘောဆိပ်ကမ်းမှ ရေနံသိုလှောင်ရုံ ၃ ရုံ မီးလောင်သွားတာကြောင့် မီးသတ်သမားတဦး သေဆုံးပြီး ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
သြဂုတ် ၅ ရက်က မိုးကြိုးပစ်မှုကြောင့် ဟာဗားနားမြို့အရှေ့ဘက် မိုင် ၆၀ အကွာရှိ မာတန်ဇာ ရေနံတင်သင်္ဘောဆိပ်ကမ်းကြီးက သိုလှောင်ကန် ၈ ခုထဲက တခုကို မီးစလောင်ခဲ့ပါတယ်။ သြဂုတ် ၆ ရက်မှာ ဒုတိယမြောက် ရေနံတိုင်ကီ ဆက်လက်လောင်ကျွမ်းခဲ့ပါတယ်။ သြဂုတ် ၇ ရက် နှောင်းပိုင်းမှာတော့ ဒုတိယရေနံစိမ်းတိုင်ကီကနေ မီးကူးစက်ပျံ့နှံ့ပြီး တတိယမြောက် ရေနံစိမ်းတိုင်ကီကို မီးဆက်လောင်ခဲ့ရာကနေ ပြိုကျခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက သြဂုတ် ၈ ရက်မှာ ပြောပါတယ်။
စတုတ္ထမြောက် ရေနံတိုင်ကီလည်း မီးကူးစက်ခံရမယ့် အန္တရာယ် ရှိနေပေမဲ့ ခုထိတော့ မလောင်ကျွမ်းသေးပါဘူး။
ရေနံစိမ်းဆီတိုင်ကီ မီးလောင်ရာကနေ လေထုညစ်ညမ်းမှုကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး လေဟာပြင်မှာ မျက်နှာဖုံးတွေ ဝတ်ဆင်ထားကြဖို့ ကျန်းမာရေးအာဏာပိုင်တွေက ဒေသခံတွေကို သြဂုတ် ၈ ရက်မှာ သတိပေးထားပါတယ်။
မိုးရေထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်နိုင်တာကြောင့် လေထုညစ်ညမ်းမှုဒဏ် ခံရတဲ့နေရာတွေမှာ မိုးရေစိုမခံကြဖို့ ပြည်သူတွေကို ညွှန်ကြားထားကြောင်း မာတန်ဇာပြည်နယ် ကျန်းမာရေးညွှန်ကြားရေးမှူး လူးဝစ္စ အာမန်ဒို ဝေါင်က နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့ပါတယ်။