တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းမှာ မိုးသည်းထန်ရွာသွန်းခဲ့တာကြောင့် စစ်ဘေးရှောင်မိသားစုတွေ ခိုလှုံနေတဲ့ ဆောင်ဒူကျေးရွာမှာ သြဂုတ် ၁၆ ရက်က ရေလွှမ်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတယောက်က “ဆောင်ဒူရွာက တောင်ကြားမှာရှိတော့ မိုးကြီးရင် မိုးရေတွေက စီးလာပြီး ရွာလမ်းကို ရေလွှမ်းတယ်။ ရွာမှာက စစ်ဘေးရှောင်တွေရှိတော့ ဒုက္ခပေါ် ဒုက္ခဆင့်တာပဲ။”လို့ ပြောပါတယ်။
ဆောင်ဒူကျေးရွာက လူနေအိမ်တချို့အပြင် လမ်းမကြီးမှာပါ ရေလွှမ်းနေတာကြောင့် နေထိုင်ရေးနဲ့ သွားလာရေး ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်မိသားစုတွေက ဆိုပါတယ်။
စစ်ဘေးရှောင်မိသားစုဝင်တယောက်က “လမ်းမကြီးပေါ်လည်း ရေကျော်နေတယ်။ နေအိမ်တွေလည်း ရေဝင်တယ်။ တချို့အိမ်ဆို စားသောက်ကုန်တွေ ပျက်စီးကုန်တယ်။ ရေဝင်အိမ်ကလူတွေက ရေမဝင်တဲ့အိမ်မှာ ခဏပေါင်းနေရတယ်။ အသက်ကြီးတဲ့သူတွေ အတွက် မလွယ်ဘူး။ ဒါကြောင့် နေရေးထိုင်ရေး သွားလာရေး ခက်ခဲနေတယ်” လို့ ပြောပါတယ်။
မိုးရေကြီးမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ကျန်းမာရေးထိခိုက်လာမှာကိုလည်း စစ်ဘေးရှောင်တွေက စိုးရိမ်နေကြပါတယ်။
စစ်ဘေးရှောင်တယောက်က “အိမ်သာကျင်းတွေထဲ ရေဝင်ပြီး လျှံတက်လာတာရှိတယ်။ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းရောဂါ၊ လုံလုံခြုံခြုံမအိပ်ရလို့ ခြင်ကိုက်ပြီး ဖြစ်လာမယ့် သွေးလွန်တုပ်ကွေးလို ရောဂါတွေ ဖြစ်မှာကို စိုးရိမ်တယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေရှိနေတဲ့ ဆောင်ဒူကျေးရွာ ရေလွှမ်းမှုဟာ အခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီး ကူညီရေးအဖွဲ့တွေ နည်းတာကြောင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “လမ်းရေကြီးတာ အိမ်ထဲရေဝင်တာတို့ကို ရွာသားတွေနဲ့ စစ်ဘေးရှောင်တွေ ပေါင်းပြီး ပြုပြင်တာတွေ ဆောင်ရွက်တယ်။ ကူညီတဲ့အဖွဲ့တွေကတော့ အရောက်နည်းတယ်” လို့ ပြောပါတယ်။
လက်ရှိ မိုးရေလွှမ်းနေတဲ့ ဆောင်ဒူကျေးရွာမှာ ဒီးမော့ဆိုမြို့ဘက်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ မိသားစုတွေ ရာနဲ့ချီရှိနေပြီး သူတို့တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်၊ ကျောက်မဲ၊ လင်းခေးနဲ့ ကျိုင်းတုံမြို့တွေမှာ ဩဂုတ် ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး ဒေသခံပြည်သူတွေ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။
ကျောက်မဲမြို့၊ အမှတ်(၂) ရပ်ကွက်နဲ့ ရန်ကင်းရပ်အနိမ့်ပိုင်းရှိ နေအိမ်တွေထဲကို ရေ၀င်ရောက်နေတာကြောင့် ရေဘေးသင့်နေအိမ်တွေက ပစ္စည်းတွေကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
လင်းခေးမြို့မှာလည်း နမ့်တိန်းချောင်းရေကြီးပြီး ရေလျှံမှုကြောင့် ဈေးတန်းရပ်ကွက်၊ ကမ်းနားလမ်းမှာ ရေဝင်ရောက်နေသလို ပန်းကျိုင်းကျေးရွာ၊ ဟိုကွန်ချောင်းတံတားမှာလည်း ရေလျှံနေလို့ ဒေသခံပြည်သူတွေ သွားလာရလွယ်ကူစေဖို့နဲ့ ရေဝင်နေတဲ့ နေအိမ်တွေရှိ ပစ္စည်းတွေကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။
ကျိုင်းတုံမြို့အနီး ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ခင်နွဲ့ တောင်ကျချောင်းဟာလည်း ကျန်စက်ရွာအနီးမှာ သဲတာဘောင် ပေ ၁၀၀ လောက် ကျိုးပေါက်ပြီး ယန်းလောကျေးရွာအတွင်းသို့ ချောင်းရေတွေတက်လာပြီး လူနေ အိမ်ခြေ ၂၀ လောက် ရေဝင်နေပါတယ်။
ယန်းလောကျေးရွာနဲ့ ဆက်စပ်နေတဲ့ အမှတ် (၅) ရပ်ကွက်သို့ ရေမဝင်ရောက်စေဖို့ ရပ်ကွက်နေပြည်သူတွေနဲ့ ပူးပေါင်းပြီး ရေဝင်ရောက်နိုင်တဲ့ အနိမ့်ပိုင်းနေရာတွေမှာ သဲအိပ်တွေ ဖို့ ခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Photo-MFSD