မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာက စစ်ရှောင် ၂၀၀ ကျော်ဟာ ပြင်ဦးလွင်ခရိုင်အတွင်းက စစ်ရှောင်စခန်းမှာ နေထိုင်နေရပြီး စားနပ်ရိက္ခာနဲ့ အဝတ်အစား အကူအညီ လိုအပ်နေတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရေလယ်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်က နှစ်ကြိမ်ဝင်မီးရှို့ခဲ့တာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာ တပတ်ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။
“စစ်ကြောင်းထိုးမှာလည်း စိုးရိမ်ပါတယ်။ နေရပ်ပြန်ဖို့ အခြေအနေကတော့ မဖြစ်နိုင်သေးပါဘူး။ ရာသီဥတုကတော့ မိုးရွာလို့ အေးပါတယ်။ ဆေးဝါးနဲ့ ရိက္ခာ အဓိက လိုအပ်ပါတယ်။”
ရာသီဥတုက မိုးရွာတာကြောင့် စစ်ရှောင်စခန်းမှာ ဖျားနာနေသူတွေရှိနေပြီး ဆေးဝါးတွေလည်း လိုအပ်နေကာ စစ်ရှောင်အမျိုးသမီးတယောက်လည်း ကလေးမွေးဖွားထားတယ်လို့ ပြောပါတယ်။
စစ်ရှောင်တွေက ကျေးရွာကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးလာတာကြောင့် အဝတ်အစားတွေ ပါလာတာ နည်းတဲ့အတွက် အဝတ်အစားတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်၊ ရေလယ်ကျွန်းရွာနားမှာ နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ခင်း ကနီကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်က ကောင်တွေဗျ။ ကျနော်တို့အဖွဲ့တွေကို သူတိုက အရင်စပစ်တာနဲ့ အခုလို တိုက်ပွဲဖြစ်ရတာ။ တိုက်ပွဲကတော့သိပ် မကြာလိုက်ဘူး။ သူပစ်၊ ကိုယ်ပစ်ခဏလေးပဲဗျ။ ကျနော်အဖွဲ့ဘက်က အထိခိုက်၊အကျဆုံး မရှိဘူး။ သူတို့ဘက်ကတော့ တစ်ဦး ကျတယ်”လို့ ကနီမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ကနီမြို့နယ်အတွင်း အခုနိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တစ်ဦးသေကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦး ကျော်ရှိနေပါတယ်။
နိုဝင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက်မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်အသုံးပြုပြီး တိုက်ပွဲဖြစ်ပွားရာ ကျေးရွာနားနဲ့ ကနီမြို့နယ် တောင်ဘက်ကို ကင်းလှည့်တာနေတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။