အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ရှားဂျာ၊ ဖူဂျိုင်းရာနဲ့ ရာဆယ်ခိုင်းမာ မြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းတွေနဲ့ နေအိမ်တွေမှာ ရုတ်တရက် ရေလွှမ်းမိုးမှုတွေကြောင့် ဒေသခံတွေ ထိခိုက်ခဲ့ပါတယ်။
ယူအေအီး အာဏာပိုင်တွေဟာ ရေဘေးသင့်ဒေသတွေမှာ နေထိုင်သူတွေကို အိမ်မှာပဲနေဖို့နဲ့ လိုအပ်မှသာ အပြင်ထွက်ဖို့ အကြံပြုထားပါတယ်။
ဇူလိုင် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ မရှိမဖြစ် အရေးမကြီးတဲ့ ဝန်ထမ်းတွေအတွက် အဝေးကနေပဲ လုပ်လို့ရတာတွေ လုပ်ကြဖို့ အထူးသဖြင့် ရှားဂျာ၊ ဖူဂျိုင်းရာနဲ့ ရာဆယ်ခိုင်းမာ မြို့တွေက ဘေးသင့်ဒေသတွေရှိ ဗဟိုဌာနအားလုံးကို ယူအေအီးအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။
ဇူလိုင် ၂၈ ရက် ညနေပိုင်းအထိ မိုးရေချိန် တဖြည်းဖြည်း လျော့နည်းလာမယ်လို့ ဒူဘိုင်း အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ရှေးဟောင်းအမွေအနှစ်တွေရှိရာ အယုဒ္ဓယခရိုင်မှာ အောက်တိုဘာ ၃ ရက်က မိုးသည်းထန်ပြီး ရေကြီးရေလျှံခဲ့ပါတယ်။
မယ်နန်ချောင်ဖရာနဲ့ ပါဆပ်မြစ်မှာ ရေတွေပြည့်လျှံသလို အဆိုပါရေတွေ သိုလှောင်ထားတဲ့ ချောင်ဖရာဆည်ဟာလည်း ပြည့်လျှံလာတာကြောင့် တာကျိုးမယ့်အရေး ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဆည်ရေ စုစုပေါင်း ၂၇၇၉ ကုဗမီတာကို ဖောက်ချလိုက်ရတယ်လို့ ဆည်မြောင်း တာဝန်ရှိသူက Workpoint News ထိုင်းသတင်းထောက်ကို ပြောပါတယ်။
ဒါကြောင့် မယ်နန်ချောင်ဖရာမြစ်ဝှမ်းတလျှောက်နဲ့ ဆည်အောက်ပိုင်းရှိ မြိုနယ်ပေါင်း ၈ ခု ကျေးရွာအုပ်စုပေါင်း ၇၅ စု၊ မြို့ပေါ်ရပ်ကွက် ၁ ခု၊ အိမ်ထောင်စုပေါင်း ၁၈၈၁၂ စု ရေဘေး သင့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရေလွှမ်းတဲ့ထဲမှာ ဆေနား၊ ဘန့်ဆိုင်း၊ ဘန်ပန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းပေါင်း ၁၆ ကျောင်းပါ ပါဝင်တယ်လို့ ဘန့်ကုမ်အုပ်စု ကျူလာမဏီကျောင်းတိုက် ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။
ကျူလာမဏီကျောင်းတိုက်အနောက်က အုတ်တံတိုင်းကျိုးကျပြီး ရေတွေ ကျောင်းတိုက်ထဲကို မနေ့မနက် ၆ နာရီက စဝင်ရောက်လာကာ ၂ မီတာကျော်မြင့်ကြောင်း၊ ကျောင်းဆောင် တခုနဲ့တခု ကူးလူးသွားလာဖို့ ယာယီငြမ်းစင်ထိုးထားရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက မြစ်ကမ်းနားတလျှောက် သဲအိတ်တွေနဲ့ အမြင့် ၁ မီတာခွဲထိ ဖို့နေကြကာ ရှေးဟောင်းအမွေအနှစ်တွေ မပျက်စီးရအောင် ထိန်းသိမ်းကာကွယ်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။