close

ရေလွှမ်း

close

September 6, 2022

နောင်မွန်တွင် လယ်ဧက ၂၀ ကျော်နှင့် နေအိမ်များ ရေလွှမ်းပျက်စီး၊ အကူအညီများ လိုအပ်နေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့နယ်က ကဆန်ချောင်းနဲ့ ရနမ်ချောင်းဟာ စက်တင်ဘာ ၃ ရက်နေ့က စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေကြီးလာတဲ့အတွက် လယ်ဧက ၂၀ ကျော်နဲ့ လူနေအိမ်တွေ ရေလွမ်းမိုး ပျက်စီးသွားတဲ့အတွက် အကူအညီတွေ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၃ ရက်နေ့ကတည်းက ချောင်းရေ စကြီးတာ။ နေအိမ်တွေ ရေလွမ်းမိုးသွားတယ်။ အသုံးအဆောင်ပစ္စည်းတွေလည်း ရေလွှမ်းသွားတယ်။ စပါးကျီလည်း ရေမြုပ်သွားတယ်။ ရေတက်လါတော့ စိုက်ခင်းတွေလည်း နုန်းမြေတွေတင်ကျန်ခဲ့တယ်။  အဓိက လိုအပ်တာကတော့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းပဲ” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့အတွက် နောင်မွန်မြို့က လူနေအိမ်ခြေ ၅၀ ကျော် ရွှေ့ပြောင်းခဲ့ရပြီး လယ်ဧက ၂၀ ကျော် ရေလွှမ်းမိုးခံခဲ့ရတာပါ။

“နောင်မွန်မြို့နဲ့  ရမ်ဘော့၊ ပါဘော့ ကျေးရွာတွေက လယ်တွေ ပျက်စီးသွားတယ်။ သိရသလောက်  အားလုံးပေါင်း ဧက ၂၀ကျော်လောက်ရှိမယ်။ စပါးပင်တွေကို နုန်းမြေတွေဖုံးသွားတယ်။ ဒီအချိန် ဆိုတော့ ပြန်စိုက်လို့လည်း မလွယ်တော့ဘူး။ စပါးကျီတွေလည်း ရေတွေ ဝင်ပြီး ပျက်စီးသွားပြီ" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပူတာအိုခရိုင်ဟာ မိုးရာသီအတွင်း တလနီးပါး မိုးအဆက်မပြတ် ရွာသွန်းတက်တဲ့ ဒေသတခု ဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကဆန်ချောင်းကူး ကြိုးတံတား ပျက်စီးခဲ့ပါသေးတယ်။

2 mins Ago

August 9, 2022

ရှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် မိုးသည်းထန်ပြီး လယ်ဧကပေါင်းရာကျော် ရေလွှမ်းနေ

ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး နဲ့ ဆီဆိုင် ၃ မြို့နယ်တွင်းရှိ ပုံးအင်းဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းတဲ့အတွက် လူနေအိမ်ခြေထဲရေဝင် နေသလို လယ်ဧကပေါင်း ရာကျော်လည်း ရေလွှမ်းနေပါတယ်။

ဩဂုတ် ၇ ရက်နေ့ကတည်းက မိုးသည်းထန်ပြီး မနေ့ကစ ရေမြင့်တက်လာကြောင်း၊  မနေ့ညကလည်း မိုးထပ်ရွာလို့ ဒီကနေ့မှာ ရေမကျတဲ့အပြင် နောက်ထပ် ၁ ပေလောက် တက်လာသေးတယ်လို့  တောင်ကြီးမြို့နယ် အသုံးတော်အုပ်စု ဟိုတတ်ကျေးရွာ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ရွာထဲမှာ ရေဝင်လာတာ ၁ ပေကနေ ၃ ပေထိတက်တယ်။ တထပ်အိမ်ဆိုရင် နေလို့မရလို့ ဆွေမျိုးတွေဆီမှာ သွားနေရတယ်။ နှစ်ထပ်အိမ်ဆိုရင်တော့ အပေါ်ထပ်မှာတက်နေကြတယ်။ အစိုးရိမ်ရဆုံးက လယ်ထဲကစပါးခင်းတွေပါ၊  စပါးတွေမှည့်ပြီးရိတ်သိမ်းချိန်ရောက်နေပြီ။ ရေထဲ မှာ ကြာကြာနစ်နေရင် ပျက်စီးကုန်မှာပဲ။ ဒီပုန်းအင်းဒေသက ဆန်စပါးအဓိကစိုက်တော့လေ၊ ရေ လွှမ်းတဲ့ လယ်မြေတွေက ဧကပေါင်း ၁၀၀ ကျော်ရှိလိမ့်မယ်။”

တောင်ကြီးမြို့နယ် ဖောင်တော်ဆိုက်၊ အသုံးတော်၊ နားဟီး၊ ကက္ကူအုပ်စု၊ ဟိုပုံးမြို့နယ်  ကုန်းကျိုင်းအုပ်စု  နဲ့ ဆီဆိုင်မြို့နယ် ဘန်းယဉ်၊ ဆိုင်လဲ စတဲ့ ကျေးရွာတွေ ရေကြီးနေပြီး ခန့်မှန်းခြေ ရွာပေါင်း ၂၀ လောက်ရှိမယ်လို့ ဒေသခံက ပြောပါတယ်။ 

ပုံးအင်းဒေသမှာ နမ့်တဘက်ချောင်းရဲ့တဘက်တချက်မှာတည်ရှိပြီး မိုးတွင်းမှာ အင်းပြင်လို ရေပြည့်နေကာ နွေရာသီမှာတော့ ရေခန်းခြောက်သွားတာကြောင့်  ရေထဲ ၆ လ၊ ကုန်းပေါ် ၆ လ နေရတဲ့ဒေသလို့ တင်စားခေါ်ဝေါ်ပါတယ်။ 

ရေထဲနေရတာ အဆန်းမဟုတ်ဘဲ ရေထဲကနေ စပါးရိတ်လေ့ရှိပြီး ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ ရေပိုမြင့်တက်လာလို့ စပါးပင်တွေ နစ်မြှုပ်ကုန်ကာ ပျက်စီးမယ့် အရေး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ 

ရေကြီးတဲ့နေရာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေးသွားပြီး ဘယ်လိုကူညီထောက်ပံ့ပေးမလဲဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

4 weeks Ago

ရပ်စောက်မြို့ လူနေရပ်ကွက်အတွင်း ရေလွှမ်း (ဓာတ်ပုံ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းက ဇော်ဂျီချောင်းနဲ့ တံတားမိုးချောင်းတို့ အခုရက်ပိုင်းရေကြီးရေလျှံနေတာကြောင့် သြဂုတ် ၈ ရက်နေ့က ဥက္ကံတားရပ်ကွက်နဲ့ ဇော်ဂျီရပ် ကွက်ရှိ လူနေအိမ်တွေကို ရေဝင်ရောက်နေတယ်လို့ သိရပါတယ်။

​ချောင်းရေလျံမှုကြောင့် လူနေအိမ်တွေ ဘယ်လောက် ထိခိုက်ပျက်စီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

4 weeks Ago
Up