close

နောင်မွန်တွင် လယ်ဧက ၂၀ ကျော်နှင့် နေအိမ်များ ရေလွှမ်းပျက်စီး၊ အကူအညီများ လိုအပ်နေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့နယ်က ကဆန်ချောင်းနဲ့ ရနမ်ချောင်းဟာ စက်တင်ဘာ ၃ ရက်နေ့က စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေကြီးလာတဲ့အတွက် လယ်ဧက ၂၀ ကျော်နဲ့ လူနေအိမ်တွေ ရေလွမ်းမိုး ပျက်စီးသွားတဲ့အတွက် အကူအညီတွေ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၃ ရက်နေ့ကတည်းက ချောင်းရေ စကြီးတာ။ နေအိမ်တွေ ရေလွမ်းမိုးသွားတယ်။ အသုံးအဆောင်ပစ္စည်းတွေလည်း ရေလွှမ်းသွားတယ်။ စပါးကျီလည်း ရေမြုပ်သွားတယ်။ ရေတက်လါတော့ စိုက်ခင်းတွေလည်း နုန်းမြေတွေတင်ကျန်ခဲ့တယ်။  အဓိက လိုအပ်တာကတော့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းပဲ” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့အတွက် နောင်မွန်မြို့က လူနေအိမ်ခြေ ၅၀ ကျော် ရွှေ့ပြောင်းခဲ့ရပြီး လယ်ဧက ၂၀ ကျော် ရေလွှမ်းမိုးခံခဲ့ရတာပါ။

“နောင်မွန်မြို့နဲ့  ရမ်ဘော့၊ ပါဘော့ ကျေးရွာတွေက လယ်တွေ ပျက်စီးသွားတယ်။ သိရသလောက်  အားလုံးပေါင်း ဧက ၂၀ကျော်လောက်ရှိမယ်။ စပါးပင်တွေကို နုန်းမြေတွေဖုံးသွားတယ်။ ဒီအချိန် ဆိုတော့ ပြန်စိုက်လို့လည်း မလွယ်တော့ဘူး။ စပါးကျီတွေလည်း ရေတွေ ဝင်ပြီး ပျက်စီးသွားပြီ" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပူတာအိုခရိုင်ဟာ မိုးရာသီအတွင်း တလနီးပါး မိုးအဆက်မပြတ် ရွာသွန်းတက်တဲ့ ဒေသတခု ဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကဆန်ချောင်းကူး ကြိုးတံတား ပျက်စီးခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up