မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းရှိ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာကားလမ်းတနေရာမှာ ဒီဇင်ဘာ ၃ ရက် ည ၆ နာရီခွဲလောက်က Probox ကားတစီးက ထင်းလုံးတင်တဲ့ကားတစီးကို အနောက်ကနေ ဝင်တိုက်လို့ လူ ၅ ယောက် ဒဏ်ရာရသွားတဲ့အကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသား လေးယောက်နဲ့ အမျိုးသမီး တယောက်တို့ကို ဝဲခမိတိုက်နယ်ဆေးရုံနဲ့ သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးရတာလို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဒေသခံတဦးက“ရာဘာထင်းတင်တဲ့ကားတွေကို ညဘက်ပေးမမောင်းသင့်ဘူး။ နောက်မီးမပါ ရှေ့မီးတစ်လုံးနဲ့လည်း မြို့လယ်ကောင်သွားလိုသွား၊ ညဘက်ဆိုလည်း ဘာမီးမှမပါပဲနဲ့လည်း ဓာတ်မီး တစ်ခုနဲ့သွားလို့သွား၊ လမ်ဘေးညအိပ်ရင်လည်း ဘေးမီးမထွန်းဘဲ လမ်းပေါ်မှာ ရှိနေတာကြောင့် ယာဥ်တိုက်မှုတွေက မကြာခဏဆိုသလိုဖြစ်ပါတယ်”လို့ ပြောပါတယ်။
ရေး-သံဖြူဇရပ်ကားလမ်းမှာဆို ယာဥ်မောင်းတွေ မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဥ်တိုက်မှုတွေမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး အခုနှစ်အတွင်း လူပေါင်း ၁ ဒါဇင်နီးပါးလောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
တင်္သာရီတိုင်း၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ၃၄၃၊ ၅၈၇၊ ၅၈၈၊ ၁၀၆ ရှိနေတဲ့ကြားမှာ ရေးပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တွေက စက်တင်ဘာ ၁၄ ရက် မနက်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ရေး YGF တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ရေး-သံဖြူဇရပ်ကားလမ်းက အာရှလမ်းမကြီးပေါ်ရှိ Mytel တာဝါတိုင်ကိုပါ ဖျက်ဆီးခဲ့သလို ခရီးသွားကားတွေ၊ မှန်တင်ထားတဲ့ ကားတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်မှုရှိမရှိ စစ်ဆေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းတယောက်က “လက်ရှိ ရေး-သံဖြူဇရပ် ကားလမ်းမှာ ကားတွေ ပုံမှန်သွားလာနေပေမဲ့ စစ်တပ်ဘက်က မလာရဲဘူး။ တပ်ရင်းထဲကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ဘယ်မှာကျလို့ ကျမှန်းမသိဘူး။ လောလောဆယ်ဆယ်တော့ ထိခိုက်မှုတွေ မကြားရသေးပါဘူး” လို့ ပြောပါတယ်။
အခုလို ကားလမ်းမမှာ PDF တွေ နယ်မြေစိုးမိုးထားတာမှန်ပေမဲ့ စစ်တပ်ဘက်က ပြန်ပြီး ပစ်တာခတ်တာ လုပ်လာလို့ရှိရင် ခရီးသွားကားတွေလည်း အန္တရာယ်ရှိသလို ပတ်ဝန်းကျင်က ရွာတွေလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့ရက်တွေက ရေးမြို့က လူနာတင်ကား တစီး မိုင်းထိမှန်ခဲ့ပြီး ယာဉ်မောင်း တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေး-သံဖြူဇရပ်ကားလမ်းမှာ PDF တွေရဲ့ မကြာခဏ ခြုံခိုတိုက်ခိုက်တာခံရလေ့ရှိပြီး စစ်တပ်ဘက်က အထိအခိုက် အကျအဆုံး များပြားနေပါတယ်။