close

ရဲတပ်ဖွဲ့အကြီးအကဲ

close

February 15, 2023

အင်ဒိုနီးရှား ရဲတပ်ဖွဲ့အကြီးအကဲ သေဒဏ်ချမှတ်ခံရ

သက်တော်စောင့်ကို သတ်ဖြတ်မှုမှာ ကြိုးကိုင် စီစဉ်ခဲ့တဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့အကြီးအကဲကို တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်မှာ သေဒဏ်စီရင်ချက် ချမှတ်လိုက်ပါတယ်။

အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ စစ်ဆေးရေး အရာရှိချုပ်ဟောင်းနဲ့ ပြည်ထဲရေးဌာန အကြီးအကဲဟောင်း ဖာဒီဆမ်ဘိုရဲ့ အမှုကို မြို့တော်ဂျကာတာကတရားရုံးမှာ တရားသူကြီး ၃ ယောက်ပါတဲ့ ခုံသမာဓိအဖွဲ့က အောက်တိုဘာလက စတင် စစ်ဆေးခဲ့တာပါ။

တရားခံရဲ့ တရားရေးအဖွဲ့ကတော့ အမှုစီရင်ချက်ကို လေ့လာဦးမယ်လို့ သူ့ရှေ့နေ အာမန် ဟာနစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး သေဒဏ်အမိန့်ကို အယူခံဝင်မလားဆိုတာကိုတော့ ပြောဖို့ ငြင်းပါတယ်။ 

အသက် ၂၇ နှစ်အရွယ် သက်တော်စောင့် ဗိုလ်မှူးချုပ် နိုပရန်စ်ယာ ယူဆွာ ဟူတာဘာရတ် ဟာ ရဲတပ်ဖွဲ့အကြီးအကဲဆမ်ဘိုရဲ့ ဂျကာတာမြို့တော်ကအိမ်ထဲမှာ မနှစ်က တခြားအရာရှိ တယောက်နဲ့အတူ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

သက်တော်စောင့်က ဇနီးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ယုံကြည်လို့ ကြိုစီစဉ် မထားဘဲ ဒေါသအလျောက်  သတ်မိခဲ့တာလို့ တရားခွင်မှာ ဆမ်ဘိုက ထွက်ဆိုပါတယ်။ ဒါပေမဲ့ သက်သေမရှိလို့ ဒီအဆိုကို တရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။

အသတ်ခံရတဲ့ သက်တော်စောင့်ရဲ့ မိသားစုရှေ့နေကတော့ ဆမ်ဘိုဟာ သေဒဏ်နဲ့ ထိုက်တန်တယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ အသတ်ခံရသူရဲ့ မိခင်ကတော့ ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့ တရားခွင်အပြီးမှာ မီဒီယာကို ပြောပါတယ်။

5 mins Ago

March 7, 2020

အာဖဂန် ရဲတပ်ဖွဲ့အကြီးအကဲ လွတ်မြောက်ခဲ့သည့် တိုက်ခိုက်မှုတွင် ၂၇ ဦး သေဆုံး

အာဖဂန်နစ္စတန် ထိပ်တန်းရဲတပ်ဖွဲ့အကြီးအကဲ လွတ်မြောက်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူ ၂၇ ယောက် သေဆုံးပြီး ၂၉ ယောက် ဒဏ်ရာရတယ်လို့ အာဖဂန်ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဒါဟာ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့ရုပ်သိမ်းမယ့် သဘောတူညီချက် ရေးထိုးပြီးနောက်ပိုင်း ပထမဆုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုဖြစ်ပါတယ်။  တိုက်ခိုက်မှု အပြီးမှာတော့ နေတိုးနဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့တွေ  စုံစမ်းရေးလုပ်နေတာကို မြင်တွေ့ရပါတယ်။  ဒီတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်နဲ့ အာဖဂန်အမျိုးသားညီညွတ်မှုကို ဖြိုခွဲတဲ့ ရာဇဝတ်မှုလို့ သမ္မတ အာရှက်ဖ်-ဂါနီက တွစ်တာမှာ ရေးခဲ့ပါတယ်။  ဟတ်ဇာရာမျိုးနွယ်ခေါင်းဆောင် အဗ္ဗဒူအလီ မက်ဇာရီ သေဆုံးတဲ့ နှစ်ပတ်လည် အခမ်းအနားမှ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ဟတ်ဇာရာမျိုးနွယ်အမျာစုဟာ ရှီးယိုက်မွတ်စလင်တွေ ဖြစ်ပါတယ်။  လူနည်းစု ရှီးယိုက်မွတ်စလင်တွေဟာ ဆွန်နီမွတ်စလင်စစ်သွေးကြွတွေ တိုက်ခိုက်တာကို ခဏခဏကြုံတွေ့ရပါတယ်။  အမေရိကန်ဟာ အာဖဂန်မှာ ကာလရှည် ငြိမ်းချမ်းရေးသဘောတူညီချက် ရစေဖို့ ကြိုးပမ်းတာပါ။ တာလီဘန်တွေနဲ့ ယူထားတဲ့ ၇ ရက်တာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွင်း  အကြမ်းဖက်တာတွေ လျော့နည်းခဲ့ပြီးနောက် တာလီဘန်တွေဟာ အာဖဂန် တပ်ဖွဲ့ဝင်တွေကို ပြန်တိုက်ခိုက်လာတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
3 years Ago
Up