close

အင်ဒိုနီးရှား ရဲတပ်ဖွဲ့အကြီးအကဲ သေဒဏ်ချမှတ်ခံရ

သက်တော်စောင့်ကို သတ်ဖြတ်မှုမှာ ကြိုးကိုင် စီစဉ်ခဲ့တဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့အကြီးအကဲကို တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်မှာ သေဒဏ်စီရင်ချက် ချမှတ်လိုက်ပါတယ်။

အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ စစ်ဆေးရေး အရာရှိချုပ်ဟောင်းနဲ့ ပြည်ထဲရေးဌာန အကြီးအကဲဟောင်း ဖာဒီဆမ်ဘိုရဲ့ အမှုကို မြို့တော်ဂျကာတာကတရားရုံးမှာ တရားသူကြီး ၃ ယောက်ပါတဲ့ ခုံသမာဓိအဖွဲ့က အောက်တိုဘာလက စတင် စစ်ဆေးခဲ့တာပါ။

တရားခံရဲ့ တရားရေးအဖွဲ့ကတော့ အမှုစီရင်ချက်ကို လေ့လာဦးမယ်လို့ သူ့ရှေ့နေ အာမန် ဟာနစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး သေဒဏ်အမိန့်ကို အယူခံဝင်မလားဆိုတာကိုတော့ ပြောဖို့ ငြင်းပါတယ်။ 

အသက် ၂၇ နှစ်အရွယ် သက်တော်စောင့် ဗိုလ်မှူးချုပ် နိုပရန်စ်ယာ ယူဆွာ ဟူတာဘာရတ် ဟာ ရဲတပ်ဖွဲ့အကြီးအကဲဆမ်ဘိုရဲ့ ဂျကာတာမြို့တော်ကအိမ်ထဲမှာ မနှစ်က တခြားအရာရှိ တယောက်နဲ့အတူ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

သက်တော်စောင့်က ဇနီးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ယုံကြည်လို့ ကြိုစီစဉ် မထားဘဲ ဒေါသအလျောက်  သတ်မိခဲ့တာလို့ တရားခွင်မှာ ဆမ်ဘိုက ထွက်ဆိုပါတယ်။ ဒါပေမဲ့ သက်သေမရှိလို့ ဒီအဆိုကို တရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။

အသတ်ခံရတဲ့ သက်တော်စောင့်ရဲ့ မိသားစုရှေ့နေကတော့ ဆမ်ဘိုဟာ သေဒဏ်နဲ့ ထိုက်တန်တယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ အသတ်ခံရသူရဲ့ မိခင်ကတော့ ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့ တရားခွင်အပြီးမှာ မီဒီယာကို ပြောပါတယ်။

Up