close

ရဲတပ်သားသစ်

close

March 5, 2022

မူးယစ်ရမ်းကား မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးခံရသူများကို ရဲတပ်သားသစ်အဖြစ်စုဆောင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ဥပဒေမဲ့လုပ်ရပ်တွေမှာ စစ်တပ်နဲ့အတူ ပါဝင်ကျူးလွန်နေတဲ့ ရဲတပ်ဖွဲ့ထဲကို လူငယ်လူရွယ်တွေ  ဝင်ရောက်မှုနည်းလာတာကြောင့် မူးယစ်ရမ်းကားနဲ့ မှောင်ရိပ်ခိုမှုကြောင့် ဖမ်းမိလာသူတွေကို ရဲတပ်သားသစ် အဖြစ်စုဆောင်းနေရတယ်လို့ ရဲအသိုက်အဝန်းကနေ သိရပါတယ်။

ရဲတပ်ဖွဲ့ထဲဝင်ရောက်သူနည်းလာတာကြောင့် သတ်မှတ်ပညာအရည်ချင်းထက်လျှော့ပြီး ၆ တန်းအောင်တွေကို ခေါ်ပေမယ့် ဝင်မယ့်သူမရှိတာကြောင့် ရတဲ့နည်းလမ်းအသုံးပြုကာ ရဲတပ်သားသစ်စုဆောင်းနေရတာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “ရဲထဲကို ဝင်မယ့်သူက မရှိသလောက် ရှားနေတာ အရင်ကတော့ ရတယ် ခုက ပညာအရည်ချင်းလျော့လည်း မရတော့ အဲ့လိုမျိုး ညပိုင်းမိလာတဲ့သူတွေကို ခြိမ်းခြောက်ပြီး လှည့်ခေါ်နေရတာ”လို့ ပြောပါတယ်။

မူးယစ်ရမ်းကား၊ မှောင်ရိပ်ခိုမှုတွေကြောင့် ဖမ်းမိလာတဲ့ လူငယ်တွေကို PDF တွေလိုစွပ်စွဲကာ အမှုဖွင့်မယ်လို့ ခြိမ်းခြောက်ပြီး ရဲထဲဝင်မလားဆိုပြီး ရဲတပ်သားသစ် ခေါ်ယူနေတာလို့ ဆိုပါတယ်။

ရဲဥပဒေနဲ့ အရေးယူခံရရင် ထောင်ဒဏ် ၁ လကနေ ၃ လအထိသာကြာခံရမှာဖြစ်ပေမဲ့ ဖမ်းမိလာတဲ့ လူငယ်တွေကို ထောင်ဒဏ် ၁၀ နှစ်ကျအောင်လုပ်ပစ်မယ် ရဲဘက်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်  စုဆောင်း နေတာလို့ သိရပါတယ်။ 

ရဲတပ်သားသစ်စုဆောင်းတဲ့ သတ်မှတ်ထားတဲ့လူဦးရေမပြည့်မီရင် သက်ဆိုင်ရာ နယ်ထိန်း၊ စခန်းမှူး၊ မြို့နယ်မှူးထိ အဆင့်ဆင့် အရေးယူခံရတာတွေရှိနေတာကြောင့် ခုလိုမျိုး ရတဲ့နည်းလမ်းနဲ့ တပ်သားသစ်စုဆောင်းတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။

2 mins Ago

February 26, 2022

ရဲတပ်သားသစ် ပညာအရည်အချင်း ၆ တန်းအထိလျှော့ချ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေမဲ့လုပ်ရပ်တွေနဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ကျူးလွန်နေတဲ့ ရဲတပ်ဖွဲ့ထဲကို လူငယ်တွေ ဝင်ရောက်မှု နည်းပါးလာတာကြောင့် သတ်မှတ် ပညာအရည်ချင်းထက်လျှော့ချပြီး  ၆ တန်းအောင်တွေကို ရဲတပ်သားသစ်အဖြစ် ခေါ်ယူနေတယ်လို့  ရဲတပ်ဖွဲ့အသိုင်းဝိုင်းကနေ  သိရပါတယ်။ 

ရဲထဲကို ဝင်ရောက်ဖို့အတွက် အရပ်သားအစိုးရလက်ထက်က သတ်မှတ်အရည်အချင်း ၈ တန်းအောင်ဖို့ သတ်မှတ်ထားပေမဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပညာအရည်ချင်း ၆ တန်းအောင်ထိလျှော့ချခဲ့တာဖြစ်ပါတယ်။ 

“အရင်က အမျိုးသားတစ်ယောက် ရဲထဲက စဝင်မယ်ဆို ၈ တန်းအောင်မှရတယ်။ ခုက ၆ တန်းအောင် ပြောင်းလိုက်တာ အဓိကတော့ စုဆောင်းရလွယ်အောင် ပြောင်းလိုက်တာဖြစ်ဖို့များတယ်”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အရပ်သားအစိုးရလက်ထက်က စတင်ကာ ရဲတပ်ဖွဲ့ထဲကို အခြေခံရဲတပ်သားအဆင့်ကစတင်ကာ ဝင်ရောက်ဖို့အတွက် ပညာအရည်အချင်း အမျိုးသားကို ၈ တန်းအောင်၊ အမျိုးသမီးကို တက္ကသိုလ်ဒုတိယနှစ်အောင် သတ်မှတ်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသား ၆ တန်းအောင်၊ အမျိုးသမီးကို ၁၀ တန်းအောင် စတဲ့ သတ်မှတ်ချက်တွေ လျှော့ချခဲ့တာလို့ ဆိုပါတယ်။

ရဲထဲဝင်ဖို့အတွက် ခုလို ပညာအရည်အချင်းသတ်မှတ်ချက်တွေ လျှော့ချပြီး ခေါ်ယူနေပေမဲ့ ပြည်သူအများစုက ဝင်ရောက်မှုနည်းနေပြီး ရဲတပ်ဖွဲ့ဝင်မိသားစုတွေနဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အသိုင်းဝိုင်းက လူငယ်အနည်းစုသာ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ပညာအရည်ချင်းလျှော့ချပေမဲ့ ဝင်ရောက်သူနည်းနေလို့ ၆ တန်းမအောင်သူတွေကို ကျောင်းထွက် လက်မှတ်အတုလုပ်ပေးပြီး စုဆောင်းနေရသလို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းမိတဲ့ လူငယ်တွေကိုလည်း ခြောက်လှန့်ပြီး ရဲတပ်သားသစ်အဖြစ် စုဆောင်းနေရတယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်ကလည်းလုပ်ရတာပဲ အဓိက အပြစ်ပေးမခံရအောင် မှောင်ရိပ်ခိုတဲ့မိတဲ့သူလည်း ခြိမ်းခြောက်ပြီး ထည့်ရတာပဲ ၃ တန်းအောင်လောက်နဲ့ ဝင်ဖို့လာပြောလည်း ကျောင်းကိုညှိပြီး ထောက်ခံချက်အတုလုပ်ပြီး ထည့်ရတာပဲ ဒါတွေက ခုမှတော့ မဟုတ်ဘူး အရင်ကတည်းကပါ ခုတော့ ပိုလုပ်ရတာများလာတာ”လို့  နယ်ထိန်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရဲစခန်းအလိုက် ရဲတပ်သားသစ်စုဆောင်းဖို့အတွက် သတ်မှတ်ထားတဲ့ လူဦးရေမပြည့်မှီရင် အဆင့်အလိုက် အပြစ်ပေးခံရတာတွေရှိတာကြောင့် ခုလိုမျိုး ရတဲ့နည်းလမ်းနဲ့ စုဆောင်းပြီး သတ်မှတ်ထားတဲ့ ရဲတပ်သားသစ် အင်အားကို ဖြည့်တင်းနေရတယ်လို့ ဆိုပါတယ်။

7 days Ago
Up