close

ရဲတပ်သားသစ် ပညာအရည်အချင်း ၆ တန်းအထိလျှော့ချ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေမဲ့လုပ်ရပ်တွေနဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ကျူးလွန်နေတဲ့ ရဲတပ်ဖွဲ့ထဲကို လူငယ်တွေ ဝင်ရောက်မှု နည်းပါးလာတာကြောင့် သတ်မှတ် ပညာအရည်ချင်းထက်လျှော့ချပြီး  ၆ တန်းအောင်တွေကို ရဲတပ်သားသစ်အဖြစ် ခေါ်ယူနေတယ်လို့  ရဲတပ်ဖွဲ့အသိုင်းဝိုင်းကနေ  သိရပါတယ်။ 

ရဲထဲကို ဝင်ရောက်ဖို့အတွက် အရပ်သားအစိုးရလက်ထက်က သတ်မှတ်အရည်အချင်း ၈ တန်းအောင်ဖို့ သတ်မှတ်ထားပေမဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပညာအရည်ချင်း ၆ တန်းအောင်ထိလျှော့ချခဲ့တာဖြစ်ပါတယ်။ 

“အရင်က အမျိုးသားတစ်ယောက် ရဲထဲက စဝင်မယ်ဆို ၈ တန်းအောင်မှရတယ်။ ခုက ၆ တန်းအောင် ပြောင်းလိုက်တာ အဓိကတော့ စုဆောင်းရလွယ်အောင် ပြောင်းလိုက်တာဖြစ်ဖို့များတယ်”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အရပ်သားအစိုးရလက်ထက်က စတင်ကာ ရဲတပ်ဖွဲ့ထဲကို အခြေခံရဲတပ်သားအဆင့်ကစတင်ကာ ဝင်ရောက်ဖို့အတွက် ပညာအရည်အချင်း အမျိုးသားကို ၈ တန်းအောင်၊ အမျိုးသမီးကို တက္ကသိုလ်ဒုတိယနှစ်အောင် သတ်မှတ်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသား ၆ တန်းအောင်၊ အမျိုးသမီးကို ၁၀ တန်းအောင် စတဲ့ သတ်မှတ်ချက်တွေ လျှော့ချခဲ့တာလို့ ဆိုပါတယ်။

ရဲထဲဝင်ဖို့အတွက် ခုလို ပညာအရည်အချင်းသတ်မှတ်ချက်တွေ လျှော့ချပြီး ခေါ်ယူနေပေမဲ့ ပြည်သူအများစုက ဝင်ရောက်မှုနည်းနေပြီး ရဲတပ်ဖွဲ့ဝင်မိသားစုတွေနဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အသိုင်းဝိုင်းက လူငယ်အနည်းစုသာ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ပညာအရည်ချင်းလျှော့ချပေမဲ့ ဝင်ရောက်သူနည်းနေလို့ ၆ တန်းမအောင်သူတွေကို ကျောင်းထွက် လက်မှတ်အတုလုပ်ပေးပြီး စုဆောင်းနေရသလို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းမိတဲ့ လူငယ်တွေကိုလည်း ခြောက်လှန့်ပြီး ရဲတပ်သားသစ်အဖြစ် စုဆောင်းနေရတယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်ကလည်းလုပ်ရတာပဲ အဓိက အပြစ်ပေးမခံရအောင် မှောင်ရိပ်ခိုတဲ့မိတဲ့သူလည်း ခြိမ်းခြောက်ပြီး ထည့်ရတာပဲ ၃ တန်းအောင်လောက်နဲ့ ဝင်ဖို့လာပြောလည်း ကျောင်းကိုညှိပြီး ထောက်ခံချက်အတုလုပ်ပြီး ထည့်ရတာပဲ ဒါတွေက ခုမှတော့ မဟုတ်ဘူး အရင်ကတည်းကပါ ခုတော့ ပိုလုပ်ရတာများလာတာ”လို့  နယ်ထိန်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရဲစခန်းအလိုက် ရဲတပ်သားသစ်စုဆောင်းဖို့အတွက် သတ်မှတ်ထားတဲ့ လူဦးရေမပြည့်မှီရင် အဆင့်အလိုက် အပြစ်ပေးခံရတာတွေရှိတာကြောင့် ခုလိုမျိုး ရတဲ့နည်းလမ်းနဲ့ စုဆောင်းပြီး သတ်မှတ်ထားတဲ့ ရဲတပ်သားသစ် အင်အားကို ဖြည့်တင်းနေရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up