close

ရဲအရာရှိ

close

March 4, 2023

ကိုလံဘီယာတွင် ရဲအရာရှိ ၇၉ ဦးနှင့် ရေနံမြေလုပ်သား ၉ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ

ကိုလံဘီယာနိုင်ငံ၊ ကားကူတာပြည်နယ်မှာ မတ်လ ၂ ရက်က  အကြမ်းဖက် ဆန္ဒပြမှုတွေအတွင်း ရဲအရာရှိတဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အရာရှိ ၇၉ ဦးနဲ့ ရေနံမြေလုပ်သား ၉ ဦးကို ကျေးလက်လူထုက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ် လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူ တဦးက ပြောပါတယ်။ 

ကိုလံဘီယာနိုင်ငံတောင်ပိုင်း စန်ဗင်းဆင့်တေး ဒလ်ကာဂွမ် ပြည်နယ်က ကျေးလက်ဒေသမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့တာပါ။ 

တရုတ်အစိုးရရဲ့ Emerald Energy ကုမ္ပဏီပိုင် ရေနံမြေမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဆန္ဒပြသူတွေက ရေနံမြေကို မီး စရှို့ခဲ့ကြောင်း ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။

စုံစမ်းရေးရုံးကနေ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ဒီထက်မက အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ကမ်းလှမ်းထားကြောင်း စုံစမ်းရေးမှူး ကားလော့စ် ကမာဂိုက ပြောကြားပါတယ်။ 

ဆန္ဒပြပွဲအတွင်း ရဲအရာရှိနဲ့ အရပ်သားတို့ဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောကြားပါတယ်။ 

၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်တဲ့ FARC အတိုက်အခံတွေဟာ ဒေသတွင်းမှာ ရှိနေကြပြီး အခုမငြိမ်သက်မှုတွေမှာ ပါဝင်နိုင်ကြောင်းလည်း ဆိုပါတယ်။

ကျေးလက်နဲ့ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတွေဟာ တရုတ်အစိုးရပိုင် Sinochem ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Emerald Energy ရေနံမြေကုမ္ပဏီကို အဝင်အထွက် ပိတ်ထားလိုက်ပြီး ဒေသတွင်းက လမ်းတွေ ပြုပြင်ရာမှာ ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လူမှုအသိုင်းအဝိုင်းတွေဟာ လမ်းတွေနဲ့ ကျောင်းတွေ အပါအဝင် အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးဖို့ ကုမ္ပဏီတွေကို တွန်းအားပေးကြတာကြောင့် ကိုလံဘီယာမှာ ရေနံနဲ့ သတ္တုတူးဖော်ရေး ပရောဂျက်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ဆန္ဒပြမှုတွေ ပုံမှန်ရှိနေပါတယ်။

Emerald Energy ကုမ္ပဏီကို မှတ်ချက်ပေးဖို့ ရိုက်တာက ဆက်သွယ်လို့ မရသေးပါဘူး။

ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့အတွက် ကိုလံဘီယာ ကာကွယ်ရေးနဲ့ပြည်ထဲရေး ဝန်ကြီးဌာနတွေမှ ပူးတွဲကော်မရှင်အပြင် လက်နက်ကိုင် တပ်ဖွဲ့တွေကိုပါ ဒေသတွင်းကို စေလွှတ်မှာဖြစ်တယ်လို့ တွစ်တာမှာ ပြောပါတယ်။   

16 mins Ago

January 31, 2023

ဟေတီတွင် ရာဇဝတ်ဂိုဏ်းများပစ်ခတ်မှုကြောင့် ရဲအရာရှိ ၇ ဦး သေဆုံး

ဟေတီနိုင်ငံမှာ အရင်အပတ်က ရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၇ယောက် သေဆုံးခဲ့အပြီး ဇန်နဝါရီ ၂၉ရက်မှာ တင်းမာမှုတွေ မယုံကြည်မှုတွေ ဆက်ရှိနေတယ်လို့ ဟေတီ အမျိုးသားရဲတပ်ဖွဲ့နဲ့ ဒေသခံမီဒီယာတို့က ပြောပါတယ်။

လူသတ်သမားတွေကြောင့် အရာရှိတွေက ဦးဆောင်ဆန္ဒပြခဲ့ပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံကို ခရီးထွက်နေတဲ့ ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ ပြန်ရောက်လာတဲ့ လေဆိပ် ကို သွားတဲ့လမ်းကိုလည်း အတင်းဝင်လာခဲ့ကြတာပါ။ ဝန်ကြီးချုပ် နေအိမ်ကိုတော့ ရဲအစောင့် အကြပ်တွေ ထားထားဆဲပါ။

အထွေထွေရောဂါကုဆေးရုံက အရိုးအထူးကုဆရာဝန် ဆင်မြူယယ် ဂျိုးဖက်က ဆေးရုံရဲ့ အရေးပေါ် တံခါးမှာ လူတစ်ဦးကို လူဆိုးဂိုဏ်းဝင်တွေက ပြန်ပေးဆွဲသွားပြီးနောက် ဟေတီမှာ လုံခြုံရေးက ပြဿနာတစ်ခုပဲလို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဟင်နရီ အာဏာရလာချိန်က စပြီး ရဲတပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးခဲ့လို့ တစ်လကို ပျမ်းမျှငါးဦးထက်မနည်း သေဆုံးနေတာလို့ ဟေတီလူ့အခွင့်အရေးအဖွဲ့ RNDDH က ပြောပါတယ်။  

ရာဇ၀တ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံခြား လျှပ်တပြက် တိုက်ခိုက်ရေး တပ်ဖွဲ့တွေ စေလွှတ်ရေး ကုလသမဂ္ဂက ဆွေးနွေးနေပါတယ်။

1 month Ago
Up