ပြင်ပဈေးကွက်မှာ ရွှေတကျပ်သား ကျပ် ၂၈ သိန်းအထက် ဈေးတက်လာချိန်မှာ ရွှေစျေးနှုန်း မတည်ငြိမ်အောင် စျေးကစားနေသူတွေကို ဌာနဆိုင်ရာတွေက စုံစမ်းစစ်ဆေးနေပြီး အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့ ပြင်ပစျေးကွက်မှာ ရွှေတကျပ်သားကို ကျပ် ၂၈ သိန်းဝန်းကျင်ထိ မြင့်တက်နေပေမဲ့ YGEA အသင်းကတော့ ၂၇ သိန်းအောက်မှာသာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် ရွှေစျေးနှုန်းအနေနဲ့ အရောင်းအဝယ်က အေးနေပြီး စျေးနှုန်းမြင့်တက်နေတာသာ ဖြစ်တယ်လို့လည်း YGEA က ဆိုပါတယ်။
မကြာသေးခင်ကလည်း ရွှေစျေးကွက် ပြန်လည်ပတ်နိုင်ရေးအတွက် အသင်းအမှုဆောင်တွေနဲ့ ဆွေးနွေးမယ်လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။
ရွှေစျေးကွက် ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းပေမဲ့ စျေးနှုန်းကန့်သတ်ချက်မရှိဘဲ စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအဝယ် လုပ်ခွင့်ပေးမှသာ ဖြစ်လာနိုင်မယ်လို့ ရွှေလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “အရင်တုန်းကဆိုရင် အသင်းရုံးခန်းထဲမှာ အရောင်းအဝယ် လုပ်တာလေ။ အခုကတော့ မှောင်ခိုလည်ပတ်နေတာပေါ့။ တရားဝင် အသင်းရုံးခန်းမှာ ပြန်ပြီး အလုပ်ဖြစ်ဖို့ဆိုရင်တော့ အသင်းကနေ ပေါက်စျေးအတိုင်း ရောင်းဝယ်ခွင့်ပေးလိုက်မယ်ဆိုရင် အလုပ်ပြန်ဖြစ်ပါလိမ့်မယ်။ ပေါက်စျေးအတိုင်း ရောင်းဝယ်ခွင့်မပေးဘဲနဲ့ ဘယ်လောက်ထက် ပိုမရောင်းရ၊ ဘာညာ အဲလိုလုပ်နေသ၍ကတော့ အသင်းမှာ တရားဝင် ပြန်အရောင်းအဝယ် ဖြစ်ဖို့က မလွယ်သေးပါဘူး” လို့ မှတ်ချက်ပြုပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်ကောင်စီသတ်မှတ်တဲ့ ရည်ညွှန်းရွှေစျေးက အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၂,၂၁၇,၂၀၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပစျေးကွက်ပေါက်စျေးက ၂၈ သိန်းဝန်းကျင်မှာ ရှိပြီး ကျပ် ၆၀၀,၀၀၀ ဝန်းကျင် ကွာဟချက်ရှိနေပါတယ်။
ပြင်ပရွှေစျေးနှုန်းက တကျပ်သားကို ၂၆ သိန်းနဲ့ ၂၇ သိန်းကြားမှာ လအတန်ကြာ တည်ငြိမ်နေခဲ့ပြီး ၂၀၂၃ နှစ်စပိုင်းကစပြီး တရိပ်ရိပ် ပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒီလို ရွှေစျေးပြန်မြင့်တက်လာတာက ကမ္ဘာ့ရွှေစျေး မြင့်နေတာကြောင့်ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက မှတ်ချက်ပြုထားကြပါတယ်။
ကာလအတန်ကြာ တည်ငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ၂၀၂၃ နှစ်စပိုင်းကစပြီး ပြန်လည် တက်ရိပ်ပြလာပြီး ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်း ပြင်ပရွှေစျေးကွက်မှာ အခေါက်ရွှေတကျပ်သားကို ၂,၇၇၀,၀၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။
ရွှေဈေးနှုန်းက ဒီဇင်ဘာလကုန်ပိုင်းအထိ အခေါက်ရွှေတကျပ်သားကို ၂,၇၀၀,၀၀၀ အောက်မှာပဲ ရှိနေခဲ့တာပါ။ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့အတူ သီတင်းတပတ်ကျော်အတွင်း ကျပ် ၇၀,၀၀၀ ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “၂၆ သိန်းနဲ့ ၂၇သိန်းကြားမှာ ငြိမ်နေတာ တော်တော်လေးကြာနေပါပြီ။ ဇန်နဝါရီလ အစကနေ တဖြည်းဖြည်း ပြန်တက်လာတာပေါ့။ အရောင်းအဝယ်ကတော့ အေးပါတယ်။ အဓိကက ကမ္ဘာ့ရွှေဈေးမြင့်လာလို့ ပြည်တွင်းစျေး လိုက်တက်လာတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက စျေးနှုန်းသတ်မှတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်လာပြီးတဲ့နောက် ပြည်တွင်းရွှေစျေးကွက်ဟာ မှောင်ခိုဈေးကွက်ဖြစ်လာပြီး ပြင်ပစျေးကွက်ပေါက်စျေးနဲ့ အရောင်းအဝယ်တွေ ဖြစ်နေခဲ့တာပါ။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ရွှေဈေးကွက် ပြန်လည်ပတ်နိုင်ရေးအတွက် အသင်းအမှုဆောင်တွေနဲ့ ဆွေးနွေးမယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
ရွှေစျေးကွက် ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့က YGEA ရဲ့ ဈေးနှုန်းကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ လိုအပ်တယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “အတုံးဈေးကွက်ကတော့ ကြာပါပြီ ဈေးကွက်ပျက်နေတယ်လို့ ခေါ်ရမှာပေါ့။ သူတို့သတ်မှတ်ဈေးတွေ လုပ်နေတော့ အသင်းရုံးခန်းမှာလည်း အရောင်းအဝယ် မဖြစ်တော့ဘူး။ ဈေးနှုန်းကန့်သတ်ချက်တွေ ပယ်ဖျက်လိုက်ရင်တော့ အရင်အတိုင်းပဲ ပုံမှန် လွတ်လွတ်လပ်လပ် ရောင်းကြဝယ်ကြ ပြန်ဖြစ်မှာပေါ့။ ဒီကန့်သတ်ချက်တွေရှိနေတော့ လူတွေက မရောင်းရဲ၊ မဝယ်ရဲ၊ အဖမ်းခံရမှာကြောက် ဖြစ်နေကြတာ” လို့ မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းရာကတဆင့် ဒေါ်လာနဲ့ ရွှေစျေးအပေါ် ရိုက်ခတ်မှုတွေ ရှိလာခဲ့တာပါ။
စံချိန်တင် စျေးမြင့်လာတဲ့ ဒေါ်လာနဲ့ ရွှေစျေးနှုန်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက နည်းမျိုးစုံ လုပ်ဆောင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းက ဒေါ်လာစျေး အလှုပ်အခတ်နဲ့အတူ ရွှေစျေး တကျပ်သားကို ကျပ် ၃၅ သိန်းအထိ စံချိန်တင် စျေးမြင့်တက်ခဲ့ပါတယ်။
အဲဒီလို ရွှေစျေးထိုးတက်ခဲ့ပြီးနောက် စစ်ကောင်စီက စျေးကွက်ထဲကို ဒေါ်လာနဲ့ ရွှေတွေ ထည့်သွင်းပေးခဲ့တာနဲ့အတူ ဒေါ်လာနဲ့ ရွှေစျေး အနည်းငယ် ပြန်ကျဆင်းလာခဲ့ပေမဲ့ အခုအခါ ပြန်လည်တက်ရိပ်ပြလာတာ ဖြစ်ပါတယ်။