close

မြန်မာ့ရွှေဈေး တပတ်အတွင်း ကျပ် ၇၀,၀၀၀ ကျော်မြင့်တက်

ကာလအတန်ကြာ တည်ငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ၂၀၂၃ နှစ်စပိုင်းကစပြီး ပြန်လည် တက်ရိပ်ပြလာပြီး ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်း ပြင်ပရွှေစျေးကွက်မှာ အခေါက်ရွှေတကျပ်သားကို ၂,၇၇၀,၀၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။

ရွှေဈေးနှုန်းက ဒီဇင်ဘာလကုန်ပိုင်းအထိ အခေါက်ရွှေတကျပ်သားကို ၂,၇၀၀,၀၀၀ အောက်မှာပဲ ရှိနေခဲ့တာပါ။ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့အတူ သီတင်းတပတ်ကျော်အတွင်း ကျပ် ၇၀,၀၀၀ ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “၂၆ သိန်းနဲ့ ၂၇သိန်းကြားမှာ ငြိမ်နေတာ တော်တော်လေးကြာနေပါပြီ။ ဇန်နဝါရီလ အစကနေ တဖြည်းဖြည်း ပြန်တက်လာတာပေါ့။ အရောင်းအဝယ်ကတော့ အေးပါတယ်။ အဓိကက ကမ္ဘာ့ရွှေဈေးမြင့်လာလို့ ပြည်တွင်းစျေး လိုက်တက်လာတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက စျေးနှုန်းသတ်မှတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်လာပြီးတဲ့နောက် ပြည်တွင်းရွှေစျေးကွက်ဟာ မှောင်ခိုဈေးကွက်ဖြစ်လာပြီး ပြင်ပစျေးကွက်ပေါက်စျေးနဲ့ အရောင်းအဝယ်တွေ ဖြစ်နေခဲ့တာပါ။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ရွှေဈေးကွက် ပြန်လည်ပတ်နိုင်ရေးအတွက် အသင်းအမှုဆောင်တွေနဲ့ ဆွေး‌နွေးမယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ရွှေစျေးကွက် ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့က YGEA ရဲ့ ဈေးနှုန်းကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ လိုအပ်တယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “အတုံးဈေးကွက်ကတော့ ကြာပါပြီ ဈေးကွက်ပျက်နေတယ်လို့ ခေါ်ရမှာပေါ့။ သူတို့သတ်မှတ်ဈေးတွေ လုပ်နေတော့ အသင်းရုံးခန်းမှာလည်း အရောင်းအဝယ် မဖြစ်တော့ဘူး။ ဈေးနှုန်းကန့်သတ်ချက်တွေ ပယ်ဖျက်လိုက်ရင်တော့ အရင်အတိုင်းပဲ ပုံမှန် လွတ်လွတ်လပ်လပ် ရောင်းကြဝယ်ကြ ပြန်ဖြစ်မှာပေါ့။ ဒီကန့်သတ်ချက်တွေရှိနေတော့ လူတွေက မ‌ရောင်းရဲ၊ မဝယ်ရဲ၊ အဖမ်းခံရမှာကြောက် ဖြစ်နေကြတာ” လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းရာကတဆင့် ဒေါ်လာနဲ့ ရွှေစျေးအပေါ် ရိုက်ခတ်မှုတွေ ရှိလာခဲ့တာပါ။

စံချိန်တင် စျေးမြင့်လာတဲ့ ဒေါ်လာနဲ့ ရွှေစျေးနှုန်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက နည်းမျိုးစုံ လုပ်ဆောင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းက ‌‌ဒေါ်လာစျေး အလှုပ်အခတ်နဲ့အတူ ရွှေစျေး တကျပ်သားကို ကျပ် ၃၅ သိန်းအထိ စံချိန်တင် စျေးမြင့်တက်ခဲ့ပါတယ်။

အဲဒီလို ရွှေစျေးထိုးတက်ခဲ့ပြီးနောက် စစ်ကောင်စီက စျေးကွက်ထဲကို ဒေါ်လာနဲ့ ရွှေတွေ ထည့်သွင်းပေးခဲ့တာနဲ့အတူ ဒေါ်လာနဲ့ ရွှေစျေး အနည်းငယ် ပြန်ကျဆင်းလာခဲ့ပေမဲ့ အခုအခါ ပြန်လည်တက်ရိပ်ပြလာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up