ပဲခူးတိုင်း၊ ရွှေတောင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုုးသား တယောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
''ဒီနေ့ မေလ ၁၃ ရက်နေ့ မနက် ၇ နာရီလောက်မှာ အိမ်စီးကားနဲ့ အရပ်ဝတ်တွေနဲ့ သူ့အမျိုးသမီးကို တယောက်တည်း ခဏဆိုပြီး လာခေါ်သွားပြီး နောက် ၁၀ နာရီလောက်ကျတော့ သူ့သားနဲ့ သမီးကိုပါ ကားလွှတ်ပြီး ထပ်လာခေါ်သွားတယ်။ အဲ့ဒီကျမှသိတာ၊ ကိုဇေယျာမင်းက အသက် ၄၇ နှစ်ပဲ ရှိသေးတာ၊ ဘာရောဂါမှ မရှိဘူး။ သူက NLD ပါတီဝင်လည်း မဟုတ်ဘူး။ နွေဦးတော်လှန်ရေးမှာတော့ သူများတွေလိုပဲ ဆန္ဒပြတာတော့ ရှိတာပေါ့။ သူ့ကိုဖမ်းသွားတာက လွန်ခဲ့တဲ့ ၃ ရက်က၊ အိမ်မှာပဲ ဖမ်းသွားတာ၊ ဘယ်ကိုခေါ်သွားတယ် ဆိုတာလည်း စုံစမ်းလို့ ဆက်သွယ်လို့မရတာ။ ဘယ်လောက်တောင် နှိပ်စက်လိုက်ကြလည်း မသိဘူး၊ အခု ဒီနေ့သေတယ်ဆိုမှ လာအကြာင်းကြားတာ။”
စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ကိုဇေယျာမင်းဟာ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွပ်၊ တည်ကုန်းအရပ်မှာ နေပြီး သားတယောက် သမီးတယောက် ရှိပါတယ်။ သူဟာ စစ်ကြောရေးမှာ အသတ်ခံရတဲ့ တတိယမြောက်သူတဦး ဖြစ်ပါတယ်။
ရွှေတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က “ပြီးခဲ့တဲ့ ၂၀၂၁ ခု ဇွန်လ ၂၈ ရက်နေ့တုန်းကလည်း အမူးလွန်ပြီး စစ်ခေါင်းဆောင်ကို ဆဲလို့ဆိုပြီး ရွှေတောင်မြို့က ကိုအောင်အောင်လွင်ကိုလည်း ဖမ်းပြီး ဗိုလ်လည်ကုန်း အမြောက်တပ်ထဲမှာ စစ်ကြောရေးလုပ်ပြီး ဝိုင်းရိုက်သတ်ပစ်လိုက်တယ်။ ပြီးတော့ နောက်တနေ့မှာ အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးသွားတယ်ဆိုပြီး မိသားစုကိုခေါ်ပြပြီး အလောင်းပြန်မပေးခဲ့ဘူး။ ပြီးတော့ ပြီးခဲ့တဲ့ ၂ လလောက်ကလည်း ရွှေတောင်မြို့နယ်ထဲက ကျေးရွာတရွာက လူငယ်တယောက်လည်း စစ်ကြောရေးမှာ အသတ်ခံလိုက်ရသေးတယ်။ သူ့နာမည်ကိုတော့ မမှတ်မိတော့ဘူး။ အခု ကိုဇေယျာမင်းကတော့ တတိယမြောက် အသတ်ခံရသူ" လို့ ပြောပါတယ်။
မွေးရပ်မြေ ပဲခူးတိုင်း၊ ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်ကို ခေတ္တပြန်လာတဲ့ Mi- 35P ပိုင်းလော့ လေ ၂၆၁၉ ဗိုလ်မှူး အောင်ကိုဇော်ကို ဒေသခံ PDF တပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လေတပ်ဗိုလ်မှူးကို ရွှေတောင်မြို့ကနေ ၂ မိုင်လောက်ဝေးတဲ့ ရန်ကုန်-ပြည် လမ်းမပေါ်က ၀ါးလည်ရွာကို ဈေးလာ၀ယ်တာ သိတာကြောင့် ကြိုစောင့်ပြီး ဒီနေ့မနက် ၈ နာရီခွဲလောက် ပစ်ခတ်ခဲ့တာလို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့မိသားစုမှာ ကလေးကပါနေတော့ ကလေးကိုမထိအောင် ညှာပစ်ရတော့ ဒါပေမဲ့ ရင်အုံကိုတော့ မှန်သွားတယ်၊ တချက်ပဲပစ်ရသေးတယ်။ ကျနော့် သေနတ်ကလည်း ကျည်ညှပ်နေလို့ လုပ်နေချိန်မှာပဲ သူကလည်း သေနတ်ပါတယ်။ ပြန်ထုတ်ပြီး ပစ်ဖို့လုပ်နေတုန်းမှာ အမြန်ထွက်ပြေးလာခဲ့ရတယ်။ ကျနော်တို့ ထပ်ပြီး အခွင့်အရေး တခါရသေးတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ အဘွားတယောက်ပါနေလို့ ကားမိုင်းကို ပြန်ဖြုတ်ခဲ့ရတယ်။ NUG က ထုတ်ပြန်ထားတဲ့ စစ်စည်းကမ်းတွေမှာလည်း ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အထိအခိုက် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမယ်ဆိုတာတွေကြောင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ မထိခိုက်အောင် ဆောင်ရွက်ခဲ့ရတာ။”
ပစ်ခတ်ခံရတဲ့ လေတပ် ၂၆၁၉ ဗိုလ်မှူး အောင်ကိုဇော်ကို မွန်းတည့် ၁၂ နာရီခန့်လောက်မှာ ဒေသတွင်းက ပရဟိတကားတစီးပေါ်တင်ပြီး စစ်ကောင်စီယာဉ်တန်းနဲ့ ခြံရံကာ ရန်ကုန်မြို့ဘက်ကို သယ်ဆောင်သွားတာ တွေ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အရေးပေါ် အသံဖွင့်ပြီး သယ်သွားကြတယ်၊ ရွာထဲလည်း လူစိမ်းတွေရောက်နေပြီး စုံစမ်းနေတယ်။ စစ်ကောင်စီ ယူနီဖောင်း၀တ်တွေ၊ ရဲတွေ အများကြီး စစ်ဆေးပိတ်ဆို့တာတွေ ပြုလုပ်နေတယ်။”
ဗိုလ်မှူး အောင်ကိုဇော်ဟာ လက်ရှိ အမှတ် ၃၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ မဂ်လာဒုံ လေတပ်စခန်းကဖြစ်ပြီး ချင်း၊ စစ်ကိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်းက ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ MI-35P နဲ့ MI-17 တောင်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်က ပိုင်းလော့၊ ဗိုလ်နဲ့ ဗိုလ်မှူးစာရင်း ၅၄ ယောက်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။
ဗိုလ်မှူး အောင်ကိုဇော် ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီဒေါက်တိုင်တွေ၊ စခန်းတွေ၊ စစ်ကောင်စီ အသုံးပြု မော်တော်ယာဥ်တွေနဲ့ နီးကပ်စွာ သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ ဒေသခံ PDF အဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။