close

မွေးရပ်မြေ ရွှေတောင်မြို့ကို ခေတ္တပြန်လာသည့် စစ်ကောင်စီလေတပ်ဗိုလ်မှူး ပစ်ခတ်ခံရ

မွေးရပ်မြေ ပဲခူးတိုင်း၊ ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်ကို ခေတ္တပြန်လာတဲ့ Mi- 35P ပိုင်းလော့ လေ ၂၆၁၉ ဗိုလ်မှူး အောင်ကိုဇော်ကို ဒေသခံ PDF တပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လေတပ်ဗိုလ်မှူးကို ရွှေတောင်မြို့ကနေ ၂ မိုင်လောက်ဝေးတဲ့ ရန်ကုန်-ပြည် လမ်းမပေါ်က ၀ါးလည်ရွာကို ဈေးလာ၀ယ်တာ သိတာကြောင့် ကြိုစောင့်ပြီး ဒီနေ့မနက် ၈ နာရီခွဲလောက် ပစ်ခတ်ခဲ့တာလို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့မိသားစုမှာ ကလေးကပါနေတော့ ကလေးကိုမထိအောင် ညှာပစ်ရတော့ ဒါပေမဲ့ ရင်အုံကိုတော့ မှန်သွားတယ်၊ တချက်ပဲပစ်ရသေးတယ်။ ကျနော့် သေနတ်ကလည်း ကျည်ညှပ်နေလို့ လုပ်နေချိန်မှာပဲ သူကလည်း သေနတ်ပါတယ်။ ပြန်ထုတ်ပြီး ပစ်ဖို့လုပ်နေတုန်းမှာ အမြန်ထွက်ပြေးလာခဲ့ရတယ်။ ကျနော်တို့ ထပ်ပြီး အခွင့်အရေး တခါရသေးတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ အဘွားတယောက်ပါနေလို့ ကားမိုင်းကို ပြန်ဖြုတ်ခဲ့ရတယ်။ NUG က ထုတ်ပြန်ထားတဲ့ စစ်စည်းကမ်းတွေမှာလည်း ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အထိအခိုက် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမယ်ဆိုတာတွေကြောင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ မထိခိုက်အောင် ဆောင်ရွက်ခဲ့ရတာ။” 

ပစ်ခတ်ခံရတဲ့ လေတပ် ၂၆၁၉ ဗိုလ်မှူး အောင်ကိုဇော်ကို မွန်းတည့် ၁၂ နာရီခန့်လောက်မှာ ဒေသတွင်းက ပရဟိတကားတစီးပေါ်တင်ပြီး စစ်ကောင်စီယာဉ်တန်းနဲ့ ခြံရံကာ ရန်ကုန်မြို့ဘက်ကို သယ်ဆောင်သွားတာ တွေ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“အရေးပေါ် အသံဖွင့်ပြီး သယ်သွားကြတယ်၊ ရွာထဲလည်း လူစိမ်းတွေရောက်နေပြီး စုံစမ်းနေတယ်။ စစ်ကောင်စီ ယူနီဖောင်း၀တ်တွေ၊ ရဲတွေ အများကြီး စစ်ဆေးပိတ်ဆို့တာတွေ ပြုလုပ်နေတယ်။” 

ဗိုလ်မှူး အောင်ကိုဇော်ဟာ လက်ရှိ  အမှတ် ၃၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ မဂ်လာဒုံ လေတပ်စခန်းကဖြစ်ပြီး ချင်း၊ စစ်ကိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်းက ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ MI-35P နဲ့  MI-17 တောင်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်က ပိုင်းလော့၊ ဗိုလ်နဲ့ ဗိုလ်မှူးစာရင်း ၅၄ ယောက်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

ဗိုလ်မှူး အောင်ကိုဇော်  ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီဒေါက်တိုင်တွေ၊ စခန်းတွေ၊ စစ်ကောင်စီ အသုံးပြု မော်တော်ယာဥ်တွေနဲ့ နီးကပ်စွာ သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ ဒေသခံ PDF အဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up