ရုရှားနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်ဒေသကနေလူတွေ မဖြစ်မနေ ရွှေ့ပြောင်းကြဖို့ သူ့အစိုးရကို ဇူလိုင် ၃၀ ရက်မှာ အမိန့်ပေးထားတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ညနှောင်းပိုင်း ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။
ဒန်ညက်စ်နဲ့ အိမ်နီးချင်း လူဟန့်စ်ဒေသတို့ပါတဲ့ ပိုကြီးတဲ့ ဒွန်ဘတ်စ်ဒေသထဲက တိုက်ခိုက်ရေး ဇုန်တွေထဲမှာ ရှိနေတဲ့ ထောင်ချီတဲ့လူတွေ ထွက်သွားဖို့ လိုတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
"အခု ဒန်ညက်စ် ဒေသထဲက လူတွေ ထွက်ခွာလေလေ၊ ရုရှားစစ်တပ်မှ လူနည်းလေလေ သတ်ဖို့ အချိန်ပိုရလေလေ" လို့ ဇလန်းစကီးက ပြောရင်း ထွက်သွားတဲ့ ဒေသခံအားလုံး လျော်ကြေး ရမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
ဒေသတွင်း သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ပျက်စီးသွားပြီးတဲ့နောက် ဆောင်းရာသီ မစတင်မီ ရွှေ့ပြောင်းဖို့ လိုတယ်လို့ ဒု၀န်ကြီးချုပ် အီရေနာ ဗေရေရှုခ်ကို ကိုးကားပြီး ယူကရိန်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ဒွန်ဘတ်စ် ဧရိယာထဲမှာ လူထောင်ချီ နေနေတုန်းပဲလို့ ဇလန်းစကီးက ပြောပါတယ်။
"အခွင့်အရေးရရင် ဒွန်ဘတ်စ်က တိုက်ပွဲဇုန်တွေမှာ ကျန်နေသေးတဲ့သူတွေကို စကားပြောပါ။ ထွက်သွားဖို့ လိုအပ်တယ်လို့ သူတို့ကို ဖျောင်းဖျပါ။"
ဇူလိုင် ၂၉ ရက်က တောင်ပိုင်းတိုက်ပွဲတွေမှာ ရုရှားစစ်သား ၁၀၀ ကျော် သေဆုံးပြီး တင့်ကား ၇ စီး ပျက်စီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောထားပါတယ်။
ဗင်နီဇွဲလား အစိုးရဟာ ရုရှားနဲ့အီရန်က နည်းပညာ အကူအညီတွေနဲ့အတူ ကိုလံဘီယာ နယ်စပ်ဆီကို တပ်တွေ ရွှေ့နေတယ်လို့ ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ဒီယေဂို မိုလာနိုက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။
နိုင်ငံခြား ဝင်ရောက်စွက်ဖက် တပ်ဖြန့်မှုလို့လည်း ခေါ်ဝေါ်သုံးနှုန်းလိုက်ပါတယ်။
ကိုလံဘီယာနိုင်ငံ အာရောင်ကာ ပြည်နယ်နဲ့ မျက်နှာချင်းဆိုင်က ဗင်နီဇွဲလားနိုင်ငံထဲမှာ တပ်တွေ လှုပ်ရှားနေတာလို့လည်း ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး မိုလာနိုက ပြောပါတယ်။
အာရောင်ကာ ပြည်နယ်ဟာ မူးယစ်ကုန်ကူးမှု ထိန်းချုပ်ရေးအတွက် ဖားသူပုန်ဟောင်း ခွဲထွက်အဖွဲ့နဲ့ အမျိုးသားလွတ်မြောက်ရေးတပ် ELN ရဲ့ ပြောက်ကျားတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်နေတဲ့ ဒေသပါ။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမီယာ ပါဒရီနိုကတော့ မိုလာနိုရဲ့ မှတ်ချက်ကို တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ လှောင်ပြောင်ပါတယ်။
အာရောင်ကာပြည်နယ်အတွင်း တရားမဝင် လက်နက်ကိုင် အုပ်စုတွေကြား တိုက်ပွဲတွေကြောင့် ဇန်နဝါရီတလတည်းမှာ လူ ၆၆ ယောက် သေဆုံးပြီး အယောက် ၁၂၀၀ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရတယ်လို့ ကိုလံဘီယာ လူ့အခွင့်အရေးအဖွဲ့ကြီး အွန်ဘဒ်စ်မန်က ပြောပါတယ်။
မူးယစ်ကုန်ကူးမှုနဲ့ တခြား တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ရေးအတွက် အုပ်စုတွေ ကြား တိုက်ပွဲတွေဟာ ဗင်နီဇွဲလားနိုင်ငံက အာပူရေ ပြည်နယ်ကနေ စခဲ့တာဖြစ်ပြီး ကိုလံဘီယာကို ကူးစက်ခဲ့တာလို့ မိုလာနိုက ပြောပါတယ်။
ELN သူပုန်တွေဟာ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချတဲ့ ဖားသူပုန် အဖွဲ့ခွဲ ဆေဂန်ဒါ မာကေးတာလီယာနဲ့ ပူးပေါင်းခဲ့ပြီး တခြား ဖားသူပုန် အဖွဲ့ခွဲတခုကို တိုက်နေတယ်လို့လည်း မိုလာနိုက ပြောပါတယ်။
ရေနံထုတ်လုပ်ရေးနဲ့ နွားမွေးမြူရေးလုပ်ငန်းအတွက် အဓိကဒေသဖြစ်တဲ့ အာရောင်ကာ ပြည်နယ်ထဲမှာ နယ်မြေထိန်းချုပ်ရေးနဲ့ သွေးစွန်းမှု အဆုံးသတ်ရေးအတွက် သမ္မတ အိုင်ဗန်ဒူကေးက စစ်တပ်တွေ ပိုပြီး တပ်ချထားပေမယ့် အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွားနေပါတယ်။
သူပုန်တွေကို ခိုလှုံခွင့်ပေးထားတယ်လို့ ဗင်နီဇွဲလားအစိုးရကို ကိုလံဘီယာ အစိုးရက စွပ်စွဲထားပြီး ဗင်နီဇွဲလား အစိုးရကတော့ စွဲချက်ကို ထပ်ခါတလဲ ငြင်းထားပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ ဗင်နီဇွဲလား ပိုင်နက်ထဲမှာရှိတဲ့ ကိုလံဘီယာနိုင်ငံကနေ စလာတဲ့ တရားမဝင် လက်နက်ကိုင်အုပ်စုတွေကို နည်းလမ်းပေါင်းစုံနဲ့ ခြေမှုန်းသွားမယ်လို့ ဗင်နီဇွဲလား သမ္မတ မာဒူရိုက မနှစ်က ပြောခဲ့ပါတယ်။