ဒန်ညက်စ်ဒေသနေသူများ မဖြစ်မနေရွှေ့ပြောင်းရမည်ဟု ယူကရိန်းသမ္မတ အမိန့်ပေး

ရုရှားနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်ဒေသကနေလူတွေ မဖြစ်မနေ ရွှေ့ပြောင်းကြဖို့ သူ့အစိုးရကို ဇူလိုင် ၃၀ ရက်မှာ အမိန့်ပေးထားတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ညနှောင်းပိုင်း ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။
ဒန်ညက်စ်နဲ့ အိမ်နီးချင်း လူဟန့်စ်ဒေသတို့ပါတဲ့ ပိုကြီးတဲ့ ဒွန်ဘတ်စ်ဒေသထဲက တိုက်ခိုက်ရေး ဇုန်တွေထဲမှာ ရှိနေတဲ့ ထောင်ချီတဲ့လူတွေ ထွက်သွားဖို့ လိုတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
"အခု ဒန်ညက်စ် ဒေသထဲက လူတွေ ထွက်ခွာလေလေ၊ ရုရှားစစ်တပ်မှ လူနည်းလေလေ သတ်ဖို့ အချိန်ပိုရလေလေ" လို့ ဇလန်းစကီးက ပြောရင်း ထွက်သွားတဲ့ ဒေသခံအားလုံး လျော်ကြေး ရမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
ဒေသတွင်း သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ပျက်စီးသွားပြီးတဲ့နောက် ဆောင်းရာသီ မစတင်မီ ရွှေ့ပြောင်းဖို့ လိုတယ်လို့ ဒု၀န်ကြီးချုပ် အီရေနာ ဗေရေရှုခ်ကို ကိုးကားပြီး ယူကရိန်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ဒွန်ဘတ်စ် ဧရိယာထဲမှာ လူထောင်ချီ နေနေတုန်းပဲလို့ ဇလန်းစကီးက ပြောပါတယ်။
"အခွင့်အရေးရရင် ဒွန်ဘတ်စ်က တိုက်ပွဲဇုန်တွေမှာ ကျန်နေသေးတဲ့သူတွေကို စကားပြောပါ။ ထွက်သွားဖို့ လိုအပ်တယ်လို့ သူတို့ကို ဖျောင်းဖျပါ။"
ဇူလိုင် ၂၉ ရက်က တောင်ပိုင်းတိုက်ပွဲတွေမှာ ရုရှားစစ်သား ၁၀၀ ကျော် သေဆုံးပြီး တင့်ကား ၇ စီး ပျက်စီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောထားပါတယ်။