တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ရှင်ကျန်းပြည်နယ်မှာ စပါးစိုက်ပျိုးဧရိယာဟာ အရင်နှစ်ထက် ၁၈,၃၃၄ ဟက်တာ တိုးလာပြီး စုစုပေါင်းအထွက်နှုန်းက ခန့်မှန်းခြေ တန်ချိန် ၆ ဒသမ ၅၃၅ သန်းရှိခဲ့လို့ တန်ချိန် ၁၃၇,၄၀၀ ကျော် ပိုထွက်ရှိခဲ့တယ်လို့ ရှင်းကျန်းပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူး လီကျန်းက ပြောပါတယ်။
ဒေသတွင်း နွေစပါးရိတ်သိမ်းမှု တိုးတက်နှုန်းနဲ့ ပတ်သက်ပြီး အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်တဲ့ အချက်အလက်တွေကို ကိုးကားပြီး လက်ထောက်ညွှန်ကြားရေးမှူး လီကျန်းက သတင်းထောက်တွေကို တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောပြခဲ့တာပါ။
၂၀၂၂ ခုနှစ်မှာ ရှင်ကျန်းဒေသထဲမှာ နွေစပါး စိုက်ပျိုးဧရိယာ ဟက်တာ ၁ ဒသမ ၁၆ သန်း ရှိခဲ့ပြီး ဒေသတွင်းမှာ နွေစပါး ၉၀ ရာခိုင်နှုန်းလောက် ရိတ်သိမ်းပြီးသွားပြီဖြစ်ကာ အထွက်နှုန်း တန်ချိန် ၆ သန်းခွဲကျော် ထွက်ခဲ့တယ်လို့ သိရပါတယ်။
မကြာသေးခင်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားခဲ့တဲ့ ရှင်ကျန်းပြည်နယ်၊ ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ နွေစပါးရိတ်သိမ်းချိန်နီးလာပြီလို့ ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်မှာ အပူလှိုင်းတွေ တိုက်ခတ်လာနေလို့ ရုတ်တရက် ရေကြီး မြေပြိုတာတွေနဲ့အတူ စိုက်ပျိုးရေးအတွက် အန္တရာယ်တွေ ပိုရှိလာနိုင်တယ်လို့ ဇူလိုင် ၂၃ ရက် က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ရေခဲမြစ်တွေ အရည်ပျော်နှုန်း အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီး ဝါစိုက်ပျိုးရေးအတွက် ဘေးသင့်နေပါတယ်။
တရုတ်နိုင်ငံဟာ ဇွန်လကတည်းက အလွန်ပူပြင်းတဲ့ ရာသီဥတုကြောင့် နေအိမ်တွေ၊ ရုံးခန်းတွေနဲ့ စက်ရုံအလုပ်ရုံတွေ အအေးခံဖို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လာခဲ့ပါတယ်။ စိုက်ပျိုးရေးဒေသတွေမှာ စိုးရိမ်စရာ ကောင်းလောက်အောင် မိုးခေါင်နေတာပါ။
ပြင်သစ်နိုင်ငံရဲ့ အရွယ်အစားထက် နှစ်ဆကျော်ရှိတဲ့ ရှင်းကျန်းဒေသရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်က အစွန်းရောက် ရာသီဥတုဟာ ၁၀ ရက်လောက် ကြာမြင့်နေပြီဖြစ်ပါတယ်။