close

ရှေ့နေအမျိုးသမီး

close

May 29, 2021

ဟင်္သာတက တရားလွှတ်တော်ရှေ့နေအမျိုးသမီးကို စစ်ကောင်စီတပ်ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ မေလ ၂၇ ရက်နေ့က ခရိုင်တရားရုံးမှာ အမှုလိုက်ဖို့သွားတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဟင်္သာတခရိုင်တရားရုံးမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့အမှုကို ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေချိန် ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာလို့ သူ့ရဲ့မိတ်ဆွေတဦးက ပြောပါတယ်။

"အမှုလိုက်နေတုန်းကို ဖမ်းခေါ်သွားတာ။ ဒီနေ့ညနေပိုင်းမှာ ရီမန်ယူပြီး အခုတော့ ဟင်္သာတထောင်ကို ခေါ်သွားပြီး ထောင်ထဲမှာပဲ ချုပ်ထားတယ်" လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်ဟာ CDM ပြုလုပ်မှုကြောင့် ဖမ်းဆီးခံရတဲ့ မယ်ဇလီကုန်းမြို့ဆေးရုံအုပ် ဒေါက်တာ ပြည့်ဖြိုးနိုင်အပါအဝင် ဟင်္သာတခရိုင်အတွင်းရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဇလွန်နဲ့ ဟင်္သာတမြို့နယ်အတွင်းမှ နိုင်ငံရေးအမှုနဲ့ တရားစွဲဆိုခံရသူတွေအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူလည်းဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက သူမကို ဖမ်းဆီးသွားပြီး ဟင်္သာတမြို့ရဲစခန်းမှာ ပ/၁၄၉၊ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (က) နဲ့ အမှုဖွင့်ထားပြီး လာမယ့် ဇွန်လ ၁ဝ ရက်နေ့ ထပ်မံရုံးထုတ်မယ်လို့ သိရပါတယ်။

5 mins Ago

August 14, 2020

မော်လမြိုင်တရားရုံးဝင်းအတွင်း ရှေ့နေအမျိုးသမီး ၁ ဦး ဝက်အူလှည့်ဖြင့် အထိုးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တရားရုံးဝင်းအတွင်း သြဂုတ် ၁၃ ရက် ညနေပိုင်းမှာ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦး ဝက်အူလှည့်နဲ့ အထိုးခံခဲ့ရပါတယ်။ ဝက်အူလှည့်နဲ့ထိုးခဲ့တဲ့အမျိုးသားဟာ  ရှေ့နေအမျိုးသမီးရဲ့အစ်မတဝမ်းကွဲ တော်စပ်သူရဲ့ ခင်ပွန်းဖြစ်ပါတယ်။ သူတို့ လင်မယားကွဲအောင် ရှေ့နေအမျိုးသမီးက ဆောင်ရွက်ခဲ့တယ်ဆိုပြီး မကျေနပ်လို့ လက်သီးနဲ့ထိုးကာ ဝက်အူလှည့်နဲ့ ထိုးသွင်းခဲ့တာ ဖြစ်တယ်။ တရားခံဖြစ်သူကို ဖမ်းဆီးရမိထားပြီလို့   မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညီညီက ဒီဗွီဘီကို ပြောပါတယ်။ အခုဖြစ်စဉ်ကြောင့် ရှေ့နေအမျိုးသမီးဟာ ယာဘက်မေးစေ့ ပွန်းပဲ့ဒဏ်ရာ၊ ဝဲယာဘက် လက်မောင်းပွန်းပဲ့ဒဏ်ရာနဲ့ ဝဲဘက်လက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာအပြင် ယာဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရှေ့နေအမျိုးသမီးကို ဝက်အူလှည့်နဲ့ ထိုးသွင်းခဲ့တဲ့ ကိုဝင်းမြင့်ကို မော်လမြိုင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - ဇော်လွင်ထွဋ် 
10 months Ago
Up