close

လက်နက်ခဲယမ်း

close

May 9, 2023

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် လက်နက်ခဲယမ်း ၁ဝဝ ကျော် သိမ်းဆည်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့က နေအိမ် တလုံးမှာ ထိုင်းအာဏာပိုင်တွေက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာကနေ လက်နက်ခဲယမ်း ၁ဝဝ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai press သတင်းဌာနက ဖော်ပြထားပါတယ်။

ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၊ ဆရီချိုင်ယာဖန်းရွာနားက နေအိမ်တလုံးကို မသင်္ကာဖွယ် သတင်းရရှိခဲ့တဲ့အတွက် မေ ၉ ရက် မနက်ပိုင်းက ရှာဖွေရေးဝရမ်းထုတ်ကာ ထိုင်းရဲတပ်ဖွဲ့၊ ခရိုတက်ခ် စစ်ထောက်လှမ်းရေးအဖွဲ့၊ နယ်ခြားစောင့်တပ်တွေနဲ့ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာကနေ လက်နက်တွေ သိမ်းဆည်းရမိခဲ့တာပါ။

ဝင်ရောက်ရှာဖွေရာ အဆိုပါအိမ်အတွင်း သေနတ်အတိုတလက်၊ အရှည်တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိပြီး နောက်ထပ်အခန်းတခန်းကို ဆက်လက်ရှာဖွေရာ ပါဆယ်သေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်း ၁ဝဝ ကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး အခုလို ဖမ်းဆီးရမိတဲ့အိမ်နေရာ ဆရီချိုင်ရွာက မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ နယ်စပ်မှာတည်ရှိပြီး လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အမျိုးသားက မြန်မာလား ထိုင်းလူမျိုးလား ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

လက်ရှိမှာတော့ ရွေးကောက်ပွဲကာအတွင်း မှုခင်းကျဆင်းရေး စီမံချက်နဲ့ နယ်စပ်လူကုန်ကူးမှုတွေ၊ တရားမဝင် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို အထူးတိုက်ဖျက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၈ ရက်ကလည်း မဲဆောက်မြို့ရဲစခန်းမှာ ၃ နိုင်ငံ နယ်စပ်လူကုန်ကူးမှုကျဆင်းရေး တွေ့ဆုံပွဲတခု ပြုလုပ်ခဲ့ပါတယ်။

12 hours Ago

May 2, 2023

ယူကရိန်းမြို့တော် လေကြောင်းတိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းပိုမိုတင်ပို့ရန် ဝဂ္ဂနာရုရုား ကြေးစားတပ် တောင်းဆို

ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေကို တွန်းလှန်ရင်း မြို့တော်ကိယက်ဗ်မှာ လေကြောင်း တိုက်ခိုက်ရေး အချက်ပေး ဥဩသံတွေ မေ ၁ ရက် မနက်ပိုင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။

ရုရှားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၁၈ စင်းမှာ ၁၅ စင်း ပျက်စီးသွားပြီလို့ ယူကရိန်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ 

မြို့တော်ကို ဦးတည်တဲ့ ဒုံးကျည်အားလုံး ပျက်စီးသွားတယ်လို့ ကိယက်ဗ်မြို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

“ပဏာမ အချက်အလက်တွေအရ အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိသလို လူနေအိမ် အဆောက်အအုံတွေ ပျက်စီးတာကိုလည်း မှတ်တမ်းတင်ထားတာ မရှိပါဘူး” လို့ မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ယူကရိန်းမီဒီယာတွေက ဒနစ်ပရိုနဲ့ ဆူးမွေ ဒေသတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ ဗုံးပေါက်ကွဲမှုသတင်းတွေကို သီးခြားအတည် မပြုနိုင်ပါဘူး။ 

လွန်ခဲ့တဲ့ ရက်နည်းနည်းအတွင်း ရုရှားဟာ ယူကရိန်းအပေါ် ဒုံးကျည်နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ ပါတယ်။

ဝဂ္ဂနာရုရှားကြေးစားတပ်ဖွဲ့ရဲ့  ပြည်သူ့စစ်အကြီးအကဲ ယဗ်ဂျေညီ ပရီဂေ့ါရှင်က   ယူကရိန်းအရှေ့ပိုင်းက ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ သူ့ တိုက်ခိုက်ရေးသမား တွေဆီ ခဲယမ်းတွေ ပိုတိုးပြီးတင်ပို့ဖို့ မေ ၁ ရက်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဆီ မေတ္တာရပ်ခံ ခဲ့ပါတယ်။ 

ပရီဂေါ့ရှင်ဟာ ယူကရိန်းမှာ ရုရှားရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာ အရာရှိတွေနဲ့ မကြာခဏ ထိပ်တိုက်တွေ့ခဲ့ပြီး သူ့ရဲ့ ကြေးစား စစ်သားတွေကို လက်နက်ခဲယမ်း ထောက်ပံ့မှု မလုံလောက်ဘူးလို့ ပြောခဲ့ပါတယ်။

တိုက်ခိုက်ရေးအတွက် တစ်ရက်လျှင် အနည်းဆုံး အမြောက်ကျည် တန်ချိန် ၃၀၀ လိုအပ်တယ်လို့ ပရီဂေါ့ရှင်က သူ့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ တင်ထားတဲ့ ဗီဒီယို တစ်ခုမှာ ပြောခဲ့ပါတယ်။

“တစ်နေ့ တန်ချိန်သုံးရာက ကုန်သေတ္တာ ၁၀ လုံးစာပါ၊ အများကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ကို တကယ်ပေးတာက အဲဒီထဲက သုံးပုံတစ်ပုံထက် မပိုပါဘူး” လို့ ဘတ်ခ်မွတ်မြို့ အရှေ့မြောက်ဘက် ဆိုလေဒါ မြို့တွင်းက ဂိုဒေါင် တစ်ခုမှာ ရိုင်ဖယ်သေတ္တာတွေကို စစ်ဆေးချိန်မှာ ပရီဂေါ့ရှင်က ပြောပါတယ်။

ပရီဂေါ့ရှင် ဟာ ဧပြီလ ၁၁ ရက်နေ့မှာ ချေမှုန်းရေးမှာ ဦးဆောင်နေတဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေက မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ် ထားတယ်လို့ ပြောပါတယ်။

ဆိုလေဒါမြို့က ပျက်စီးသွားတဲ့ အဆောက်အအုံတစ်ခုရှေ့မှာ ရိုက်ကူးထားတဲ့ အစောပိုင်း ဗီဒီယိုတစ်ခုမှာ ပရီဂေါ့ရှင်က တနင်္လာနေ့ဟာ ဝဂ္ဂနာကြေးစားစစ်တပ်ကို တည်ထောင်တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး တကယ်လို့ အဖွဲ့ ပျက်သုဉ်းရမယ်ဆိုရင် ယူကရိန်းစစ်တပ် ဒါမှမဟုတ် နေတိုးရဲ့ လက်ချက်ကြောင့် မဟုတ်ဘဲ ငါတို့ ပြည်တွင်းက လူယုတ်မာတွေ ဗျူရိုကရက်တွေ ကြောင့်လို့ ပရီဂေါ့ရှင်က ပြောခဲ့ပါတယ်။

ပရီဂေါ့ရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတုံ့ပြန် သေးပါဘူး။ ဘတ်ခ်မွတ်မြို့ကို သိမ်းပိုက်ခြင်းဟာ ယူကရိန်းအရှေ့ပိုင်းမှာ အနာဂတ်ထိုးစစ်တွေ အတွက် စစ်မျက်နှာ ဖွင့်ပေးလိမ့်မယ်လို့ ရုရှားက ပြောပါတယ်။ 

ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတို့က ဘတ်ခ်မွတ်မြို့ရဲ့ ဗျူဟာမြောက် အရေးပါမှုကို ပယ်ချခဲ့ ကြပေမယ့် ယူကရိန်းက သူ့တပ်တွေကို ဒီမြို့ကနေ ရုပ်သိမ်းဖို့ ကိစ္စကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ 

1 week Ago
Up