ဂျာမနီအစိုးရဟာ လောလောဆယ်မှာ ယူကရိန်းနိုင်ငံကို လက်နက်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ ဂျာမန် ကာကွယ်ရေးဝန်ကြီး ခရစ္စတင်း လမ်ဘရန့်ချ်က မတ် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းအစိုးရကို လက်နက်လုံလောက်အောင် မပေးလို့ ဂျာမနီအပေါ် ဝေဖန်နေကြတာကို တုံ့ပြန် ပြောဆိုလိုက်တာပါ။
“ယူကရိန်းနဲ့ပတ်သက်ရင် ဂျာမနီဟာ လောလောဆယ် လက်နက် ဒုတိယအများဆုံး ပံ့ပိုးသူနိုင်ငံ ဖြစ်လာနေတယ်လို့ ကျမယုံတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောမနေဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ကူညီဖို့ ကျမတို့အတွက် အရေးကြီးတယ်” လို့ သူက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ အတ္တလန္တစ်ကောင်စီ တတ်သိပညာရှင်များ အစည်းအဝေးမှာ ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့မှုအတွက် ဆားဘီးယား၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို ရှုတ်ချကြောင်း ဥရောပပါလီမန်က မတ်လ ၁၂ ရက်မှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် လူထုကို ဖိနှိပ်တဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုတဲ့ လက်နက်တွေ ထောက်ပံ့ပေးထားတဲ့ အဲဒီနိုင်ငံတွေမှာလည်း အပြစ်ရှိကြောင်း အဲဒီဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်မှစပြီး ခန့်မှန်းခြေ လူပေါင်း ၁၅၀၀ သေဆုံးပြီး ၁၁၀၀၀ လောက် ဖမ်းဆီးခံထားရကြောင်း ဆုံးဖြတ်ချက်ကို ပူးတွဲရေးသားသူ ရှောင်ကယ်လီက ပြောကြားခဲ့ပါတယ်။
ဆားဘီးယား နိုင်ငံခြားရေးဌာနကတော့ သူ့အစိုးရဟာ မြန်မာနိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်အန်ဒရူးရဲ့ အစီရင်ခံစာကို ငြင်းဆိုထားပါတယ်။