close

လက်နက်တိုက်

close

January 17, 2023

FARC သူပုန်အဖွဲ့၏ လက်နက်တိုက်ကို ကိုလံဘီယာရဲတပ်ဖွဲ့ သိမ်းဆည်း

ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့ဟာ FARC သူပုန်အဖွဲ့ပိုင်ဆိုင်တဲ့ သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စက်သေနတ်တလက် အပါအဝင် လက်နက်တိုက်တခုကို သိမ်းဆည်းခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောပါတယ်။

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း၊ နာရီနိုပြည်နယ်မှာ စွန့်ပစ်ထားတဲ့ မော်တော်ယာဉ် ၂ စီးထဲမှာ တွေ့ရှိရတဲ့ သေနတ် ၃၃ လက်၊ M-60 စက်သေနတ်တလက်၊ လက်ပစ်ဗုံးတွေ၊ ကျည်ဆန် ၃၀၀၀၀ ကျော်နဲ့ ယူနီဖောင်းတွေကို သိမ်းဆည်းသယ်လာခဲ့ကြတာပါ။

ကိုလံဘီယာရဲတပ်ဖွဲ့ အထွေထွေညွှန်ကြားရေးမှူး ဟင်နရီ အာမန်ဒို ဆာနာဘရီယာက “အခုသိမ်းဆည်းရမိတဲ့ လက်နက်တွေဟာ လတ်တလောနှစ်တွေအတွင်းမှာ အရေးကြီးဆုံး ထိုးနှက်ချက်တခုဖြစ်ပြီး ဒီလက်နက်တွေကလည်း အသုံးပြုဖို့ ပြည့်ပြည့်စုံစုံ တပ်ဆင်ထားတဲ့ ပစ္စည်းတွေဖြစ်တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ သေနတ်တွေဟာ အမေရိကန်၊ အစ္စရေးနဲ့ ရုရှားနိုင်ငံတွေမှာ ထုတ်လုပ်တဲ့ သေနတ်တွေ ဖြစ်ပါတယ်။

ဒီလက်နက်တိုက်ကိစ္စဟာ  FARC အဖွဲ့နဲ့ အစိုးရအကြား လက်မှတ်ရေးထိုးထားတဲ့ ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိဆိုတာကို သတ်မှတ်ဆုံးဖြတ်ဖို့ အစိုးရအပေါ်မှာပဲ မူတည်နေတယ်လို့ ဆာနာဘရီယာက ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဒါမှမဟုတ် လက်နက်ချဖို့ ကတိပြုထားတဲ့ လက်ဝဲသမ္မတ ဂူစတာဗို ပေဒရို အစိုးရဟာ လတ်တလောမှာ ကိုလံဘီယာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး  သဘောတူထားကြတာ ဖြစ်ပါတယ်။

49 mins Ago

September 22, 2022

ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်တွင်း လက်နက်တိုက် ပေါက်ကွဲပြီး မီးလောင်

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်တွင်း လက်နက်တိုက်  ဒီကနေ့ နေ့လယ် ၁ နာရီခွဲကစပြီး ပေါက်ကွဲမှုတွေဖြစ်ပေါ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ဒီးမော့ဆိုမြို့တွင်းမှာ  ကရင်နီ ပူးပေါင်းတပ်တွေဖြစ်တဲ့ KNDF၊ KA၊ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အဆမတန် ပစ်ခတ်နေတဲ့  ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်းထဲရှိ လက်နက်တိုက်တခု နေ့လယ် ၁ နာရီခွဲက ပေါက်ကွဲမှုတွေဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

သူတို့တပ်အတွက် အရေးပါလှတဲ့ လက်နက်တိုက်ကို သူတို့တပ်သားထဲက စတင် မီးရှို့ခဲ့တာလို့ ယူဆရကြောင်းနဲ့ ကရင်နီပူးပေါင်းတပ်ဘက်လည်း မီးငြှိမ်းဖို့ကြိုးစားနေတဲ့ အဆိုပါ မီးလောင်နေတဲ့ လက်နက်တိုက်အနီး ထပ်ဆင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

“စစ်ကောင်စီတပ်က မီးငြိှမ်းဖို့ ကြိုးစားနေခဲ့သော်လည်း မိမိတို့ပူးပေါင်းတပ်များဘက်မှ တာဝေးပစ် လက်နက်ကြီးအချို့ အသုံးပြုကာ ထပ်မံပစ်ခတ်ခြင်းကြောင့် အဆိုပါ မီးလောင်ကျွမ်းနေသော လက်နက်တိုက်များမှာ အဆင့်ဆင့် အဆက်မပြတ်ပေါက်ကွဲကာ ညနေပိုင်းထိ မီးလောင်ကျွမ်းနေခဲ့ကာ ၎င်းတို့တပ်တွင်း၌လည်း အော်ဟစ်ဆူညံမှုများ ဖြစ်ပေါ်နေခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်နက်တိုက် မီးလောင်ကျွမ်းခဲ့တဲ့ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်းဟာ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး နေ့စဉ်နီးပါး လူနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ တပ်ရင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။

အခုချိန်မှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို နေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

4 months Ago
Up