close

FARC သူပုန်အဖွဲ့၏ လက်နက်တိုက်ကို ကိုလံဘီယာရဲတပ်ဖွဲ့ သိမ်းဆည်း

ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့ဟာ FARC သူပုန်အဖွဲ့ပိုင်ဆိုင်တဲ့ သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စက်သေနတ်တလက် အပါအဝင် လက်နက်တိုက်တခုကို သိမ်းဆည်းခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောပါတယ်။

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း၊ နာရီနိုပြည်နယ်မှာ စွန့်ပစ်ထားတဲ့ မော်တော်ယာဉ် ၂ စီးထဲမှာ တွေ့ရှိရတဲ့ သေနတ် ၃၃ လက်၊ M-60 စက်သေနတ်တလက်၊ လက်ပစ်ဗုံးတွေ၊ ကျည်ဆန် ၃၀၀၀၀ ကျော်နဲ့ ယူနီဖောင်းတွေကို သိမ်းဆည်းသယ်လာခဲ့ကြတာပါ။

ကိုလံဘီယာရဲတပ်ဖွဲ့ အထွေထွေညွှန်ကြားရေးမှူး ဟင်နရီ အာမန်ဒို ဆာနာဘရီယာက “အခုသိမ်းဆည်းရမိတဲ့ လက်နက်တွေဟာ လတ်တလောနှစ်တွေအတွင်းမှာ အရေးကြီးဆုံး ထိုးနှက်ချက်တခုဖြစ်ပြီး ဒီလက်နက်တွေကလည်း အသုံးပြုဖို့ ပြည့်ပြည့်စုံစုံ တပ်ဆင်ထားတဲ့ ပစ္စည်းတွေဖြစ်တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ သေနတ်တွေဟာ အမေရိကန်၊ အစ္စရေးနဲ့ ရုရှားနိုင်ငံတွေမှာ ထုတ်လုပ်တဲ့ သေနတ်တွေ ဖြစ်ပါတယ်။

ဒီလက်နက်တိုက်ကိစ္စဟာ  FARC အဖွဲ့နဲ့ အစိုးရအကြား လက်မှတ်ရေးထိုးထားတဲ့ ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိဆိုတာကို သတ်မှတ်ဆုံးဖြတ်ဖို့ အစိုးရအပေါ်မှာပဲ မူတည်နေတယ်လို့ ဆာနာဘရီယာက ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဒါမှမဟုတ် လက်နက်ချဖို့ ကတိပြုထားတဲ့ လက်ဝဲသမ္မတ ဂူစတာဗို ပေဒရို အစိုးရဟာ လတ်တလောမှာ ကိုလံဘီယာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး  သဘောတူထားကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up