close

လက်ယက်ကုန်းရွာ

close

October 17, 2022

လက်ယက်ကုန်းရွာ စာသင်ကျောင်း အကြမ်းဖက်ပစ်ခတ်မှုတွင် ဒဏ်ရာရခဲ့သည့် ကလေးများကို စစ်ကောင်စီက မိဘထံပြန်အပ်ရန် စီစဉ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အသက်မသေဘဲ ဒဏ်ရာရခဲ့တဲ့ ကလေးငယ် ၇ ယောက်ကို မိဘတွေဆီ အခမ်းအနားနဲ့ ပြန်အပ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။ 

လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းပစ်ခတ်မှုမှာ ဒဏ်ရာရထားတဲ့ ကလေးငယ် ၇ ယောက်ထဲက ၆ ယောက်ကို စစ်ကောင်စီက ရေဦးတိုင်းရင်းဆေးရုံမှာ ဆေးကုသပေးနေတာဖြစ်ပြီး ပေါင်ကိုကျည်ထိမှန်တဲ့ကလေးတစ်ယောက်က ဒဏ်ရာမသက်သာတဲ့အတွက် မုံရွာ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဆေးရုံကို လွှဲပြောင်းကုသပေးနေပါတယ်။

ကလေးမိဘတွေကို စစ်ကောင်စီက လာရောက်တွေ့ဆုံတာတွေရှိခဲ့ပြီး အခမ်းအနားနဲ့ပြန်အပ်မယ့် သဘောပြောဆိုခဲ့တယ်လို့ ဒီပဲယင်း PDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

ဒီပဲယင်း PDF ခေါင်းဆောင်တစ်ဦး "ကျောင်းသားတွေနဲ့သွားတွေ့တယ်ပြောတယ်။ ကြားရတဲ့ပုံစံက မိဘတွေကို တခမ်းတနားအပ်မယ့်ပုံစံရှိတယ်။ အခမ်းအနားနဲ့အပ်မှာ။ သူတို့လုပ်ဇာတ်ပေါ့ဗျာ။ တိုင်းရင်းဆေးရုံမှာ လက်ရှိကကျောင်းသားကလေးက ၇ ယောက်ပဲရှိတာ။ ပေါင်မှန်တဲ့သူကတော့ မသက်သာလို့ မုံရွာ နမခ ဆေးရုံကိုသွားပို့ထားရတယ်။ ကျွန်တော်အတိအကျသိရတာ။"

လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ မြေပြင်တပ်တွေကရော လေကြောင်းကနေပါ အကြမ်းဖက် ပစ်ခတ်တိုက် ခိုက်ခဲ့တာကြောင့် ကလေးငယ် ၇ ဦးအပါအဝင် စုစုပေါင်း ၁၃  ယောက်ကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ဆရာ၊ ဆရာမ ၁၁ ယောက်ကို စစ်တပ်က ဖမ်းဆီးထားတာ တလလောက်အကြာမှာ ကလေး ၇ ယောက်ရဲ့သတင်းပြန်လည်ထွက်ပေါ်လာတာပါ။ ကျန်တဲ့ ဆရာ၊ ဆရာမ အပါအဝင် ၄ ယောက်ကတော့ သတင်းအစနပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

လက်ယက်ကုန်းရွာခံတစ်ဦး "ကလေးသေတာ ၁၈ နှစ်အောက် KG တန်းအပါအဝင် ၇ ယောက်။ လူကြီးက ၅ ယောက် အဲ့ဒီနေ့မနက်ကပဲဗျ။ တစ်နာရီဝန်းကျင်မှာ အကုန်သေသွားတာ။ ဆေးကုပေးပြီးတော့ ကျန်ရစ်တဲ့ကလေးက ၇ ယောက်။ ဆေးရုံတွေဘာတွေကြတော့ မိဘတွေကို အတိအကျသူတို့က မပြောဘူး။ ဘယ်အဖွဲ့အစည်းမှလည်းမပြောဘူး။ ရေဦးမှာရှိတယ်လို့ပဲ သတင်းရတယ်။ တော်တော့်ကိုယုတ်မာတဲ့လုပ်ရပ်။ ကျန်တဲ့သူ ဘယ်လိုပဲခံစားရ ခံစားရ အဲ့ဒါတွေလည်းထည့်မတွက်ဘူး သူတို့လုပ်ချင်တာ စွတ်လုပ်တယ်။ မိဘတွေက ရူးနေတယ်။"

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းတိုက်ခိုက်ခံရတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အပါအဝင် နိုင်ငံတကာက စစ်ကောင်စီကို  ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး ကျုးလွန်တဲ့သူတွေ တာဝန်ခံမှုရှိအောင် လုပ်ဆောင်ရမယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူကတော့ လက်ယက်ကုန်းကျေးရွာမှာ ကေအိုင်အေနဲ့ PDF တွေ ရှိနေလို့ လေကြောင်းကနေ တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်းထဲက မိဘတွေဟာ သားသမီးတွေကို ကျောင်းပို့ဖို့ စိုးရိမ်ခဲ့ကြပြီး ကျောင်းတွေမှာ ကျည်ကွယ် မျက်ကွယ်ဖြစ်အောင် ကတုတ်ကျင်းတွေတူးပြီး အဆင်သင့်ပြင်ထားရတယ်လို့ စာသင်ပေးနေတဲ့ ဒေသခံ CDM ကျောင်းဆရာတွေက ပြောပါတယ်။

8 mins Ago

October 3, 2022

လက်ယက်ကုန်းရွာအတွက် ကျားပေါက်လက်ရာ Doodle Art ဂစ်တာ ကန်ဒေါ်လာ ၆၅၀၀ ဖြင့် လေလံအောင်

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်တာခံခဲ့ရတဲ့ လက်ယက်ကုန်းရွာကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် အဆိုတော်ကျားပေါက်ရဲ့ ဖန်တီးမှုလက်ရာ Doodle Art ဂစ်တာကို လေလံတင်ရောင်းချခဲ့ရာမှာ အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၆၅၀၀ နဲ့ လေလံအောင်သွားခဲ့တယ်လို့ သိရပါတယ်။

ခုတခါမှာတော့ အဆိုပါ လေလံအောင်ခဲ့သူက အမေရိကန်ဒေါ်လာ ၆၅၀၀ အပြင် ကာလတန်ကြေး ဒေါ်လာ ၁၀၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ စိန်နဲ့ ကျောက်စိမ်းလက်စွပ်တကွင်းကိုပါ ထည့်သွင်းလှူဒါန်းခဲ့ပြီး အဆိုပါ လက်စွပ်ကို လေလံ နောက်တဆင့် ထပ်မံပြီးတော့ ပြုလုပ်ပြီး ထပ်ပေါင်းထောက်ပံ့သွားမယ်လို့ စီစဉ်သူ ပန်ဆယ်လိုက ပြောပါတယ်။

“ဆရာကျားလက်ရာ Doodle Art ဂစ်တာလေးကတော့ အမေရိကန်ဒေါ်လာ 6500 (မြန်မာငွေ သိန်းတစ်ရာ့ခြောက်ဆယ်ကျော်)နဲ့ လေလံအောင်တဲ့အပြင် လေလံအောင်သူက အမေရိကန်ဒေါ်လာ 6500+ စိန်၊ ကျောက်စိမ်းလက်စွပ်တစ်ကွင်းကိုပါ ထည့်သွင်းလှူဒါန်းပေးသွားပါတယ်။ အဲ့တော့ အားလည်း နာပါတယ်။ ဒီ စိန်+ကျောက်စိမ်းလက်စွပ်လေးကိုပါ တပါတည်း ရောင်းပြီး လက်ယက်ကုန်းရွာလေးဆီ ပို့ပါမယ်။ လက်စွပ်လေးက ကာလတန်ကြေး ၂၅သိန်းကျော် (ဒေါ်လာတစ်ထောင်ဝန်းကျင်) တန်ပါတယ်။ ဒါလေးကိုလည်း ကြိုက်သလောက် စျေးတိုးပေးပြီး ဝယ်ပေးပါနော်။ ချက်ဘောက်က စျေးပေးပေးနော်။ ”

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ရဟတ်ယာဉ် ၂ စီးနဲ့ တိုက်ခိုက်မှု ကြောင့် ကလေးငယ် ၇ ဦးအပါအဝင် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေတိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ၁၀ ကြိမ်သာရှိခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာတော့ အကြိမ်ရေ ၁၉၀ အထိများပြားလာခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ပညာရေးတိုက်ခိုက်မှုမှကာကွယ်ရေးအဖွဲ့ (GCPEA)က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာပညာရေးတိုက်ခိုက်မှုမှ ကာကွယ်ရေး ကုလသမဂ္ဂရဲ့ အထိမ်းအမှတ်နေ့မှာ  အစီရင်ခံစာထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီးတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စာသင်ကျောင်းတွေကို တိုက်ခိုက်ခံရတဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ် ၁၃ ခုအထိရှိလာခဲ့ပြီး အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တုန်းကတော့ ကျောင်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ တိုင်းနဲ့ ပြည်နယ် ၃ ခုသာ ရှိခဲ့တယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၃၂၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၆၉၁ ယောက် ရှိလာခဲ့ပြီလို့ သိရပါတယ်။

2 weeks Ago
Up